တမူးတွင် စစ်ကောင်စီနောက်ဆုံးခံစစ်အဖြစ်ပြင်ဆင်ထားသောစခန်းအပါအဝင် နှစ်နေရာကို တိုက်ခိုက်

ပါခွီး

(မဇ္စျိမ) ။ ။တမူးမြို့နယ်တွင် စစ်ကောင်စီတပ်က နောက်ဆုံးခံစစ်အဖြစ် နေရာယူပြင်ဆင်ထားသောစခန်းအပါအဝင် နှစ်နေရာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တမူးခရိုင်တပ်ရင်းနှင့် မဟာမိတ်များကတိုက်ခိုက်ခဲ့ရာ ပျူစောထီးသုံးဦး သေဆုံးပြီး ကာကွယ်ရေးရဲဘော်နှစ်ဦးဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

တမူးမြို့၊ ဟဲဇင်းရွာမှ စစ်ကောင်စီ၊ပျူစောထီးပူးပေါင်းစခန်းနှင့် တမူး-ကလေးအာရှလမ်းပေါ်ရှိ Denko ဆီဆိုင်တွင် နေရာယူထားသော စစ်ကောင်စီတပ်ကို ဖေဖော်ဝါရီလ ၁၁ရက်နေ့တွင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဟဲဇင်းကျေးရွာသည် တမူးမြို့၏ အစွန်တွင်တည်ရှိပြီး တော်လှန်ရေး တပ်ဖွဲ့များက မြို့သိမ်းတိုက်ပွဲများဆင်နွှဲလာပါက စစ်ကောင်စီတပ်နောက်ဆုံးခံစစ် အဖြစ်နေရာယူရန် ပြင်ဆင်ထားသောနေရာဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

“စစ်ရေးရည်မှန်းချက်က အဓိကအားဖြင့် သိမ်းခြင်းမဟုတ်ဘဲနဲ့ အချိန်မရွေးလုပ်နိုင်တယ်၊ကျနော်တို့မြို့ကို ကျနော်တို့ပိုင်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ တိုက်ပွဲဖော်ဆောင်ခဲ့တာပါ” ဟု တမူးခရိုင်တပ်ရင်း တာဝန်ရှိသူတဦးက မဇ္စျိမကိုပြောသည်။

နံနက် ၈နာရီမှ နေလည် ၁၂နာရီခန့်အထိ ကြာမြင့်ခဲ့သောတိုက်ပွဲအတွင်း ပျူစောထီးသုံးဦးသေဆုံးပြီး ဒဏ်ရာရသူများကို တမူးမြို့ပြည်သူ့ဆေးရုံတွင် ကုသနေကြောင်း မျက်မြင်ပြည်သူများထံမှတဆင့်ပြန်လည်သိရသည်ဟု ၎င်းကပြောသည်။

ထိုတိုက်ပွဲ၌ ပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၉ရက်နှင့် ၁၀ရက်နေ့ကလည်း တမူးမြို့နယ်၊အောင်ဇေယျကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ကူကီးအမျိုးသားတပ်မတော်နှင့် ပြည်သူ့ကာကွယ်ရေးတမူးခရိုင်တပ်ရင်းများပူးပေါင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီက လေကြောင်းအသုံးပြုခုခံခဲ့ရသည်။

စာတည်း – အေးချမ်း