နွေဦးတော်လှန်ရေးအင်အားစုနှင့်လက်တွဲကာ အာဏာသိမ်းစစ်တပ်ကိုတိုက်ခိုက်မည်ဟု မွန်ပြည်သစ် ပြော

မွန်ပြည်သစ်ဗဟို၏ (၇၆) နှစ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား (Port Htaw)

ဂျူချန်း

(မဇ္ဈိမ)။ ။နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရန် ရည်ရွယ်သော်လည်း စစ်ကောင်စီက ပြည်သူအပေါ် အကြမ်းဖက်မှုများ ဆက်တိုက်ကျူးလွန်မှုများကြောင့် ပြည်သူလူထုကိုကာကွယ်ရန်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် စစ်အာဏာရှင်စနစ်ကို အပြီးတိုင် တိုက်ထုတ်သွားမည်ဟု မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)မှ ယနေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် မွန်ပြည်သစ်ပါတီ၏ (၁၁)ကြိမ်မြောက်ပါတီညီလာခံတွင် စစ်ကောင်စီနှင့် ၂၀၁၂ ခုနှစ် အပစ်ရပ် စာချုပ်အတိုင်း ရပ်တည်သွားရန်ဆုံးဖြတ်သည်ကို လက်မခံနိုင်သဖြင့် ပါတီအထွေထွေအတွင်းရေးမှူး နိုင်ဇေယျ၊ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စလွန်းထောတို့မှဦးဆောင်ကာ စစ်အာရှင်ကို တိုက်ထုတ်သွားမည် ဖြစ်ကြောင်းဆိုသည်။

“ခွဲထွက်တယ်လို့တော့ ကျနော်တို့ လုံးဝမသုံးပါဘူး။ စစ်အာဏာရှင်ကိုတိုက်ဖျက်ဖို့ ရည်ရွယ်ချက်တူတဲ့ အင်အားစုတွေနဲ့ ဖွဲ့စည်းပြီး စစ်အာဏာရှင်ကို တွန်းလှန်သွားဖို့ပါ။ ကျနော်တို့ အဆုံးအစွန် တွက်ထားပြီး သားပါ။ ကျနော်တို့အဖွဲ့အနေနဲ့ သီးခြားတွန်းလှန်ဖို့ အဆက်စပ်မရှိဘူး။ ကျနော်တို့ တွန်းလှန်နေတဲ့ ဒေသ မှာလှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေရော၊ နွေဦးတော်လှန်ရေးကနေပေါက်ဖွားလာတဲ့ တော်လှန်ရေး အင်အားစုတွေနဲ့ရော ချိတ်ဆက်မှုရှိရှိ လုပ်ဆောင်သွားမှာပါ” ဟု မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက် ဖျက်ရေး) ဒုတိယအဖွဲ့ခေါင်းဆောင်(၁) နိုင်ဗညားလယ်က ပြောသည်။

စစ်အာဏာသိမ်းစဉ်ကာလအတွင်း NCA လမ်းကြောင်းအရ စစ်ကောင်စီနှင့် သုံးကြိမ်တိုင်တိုင် တရားဝင် တွေ့ဆုံဆွေးနွေးမှုလုပ်ဆောင်ခဲ့သော်လည်း မျှော်မှန်းသည့်ရလဒ်များ လုံးဝမရရှိခဲ့ကြောင်းလည်း မွန်ပြည် သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မွန်ပြည်နယ်တွင် စစ်ကောင်စီမှ အရပ်သားများအပေါ်ဖိနှိပ်မှု အထူးသဖြင့် ကျိုက်ထို၊ သထုံ၊ ဘီးလင်း၊ ကျိုက်မရော၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်များတွင် အရပ်သားဖမ်းဆီးသတ်ဖြတ်ခံရမှုများနှင့် စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်မှုများ၊ လေကြောင်း တိုက်ခိုက်မှုများ၊ နေအိမ်မီးရှို့မှုများ လုပ်ဆောင်နေကြောင်း ဆိုသည်။

ထို့ကြောင့် ပြည်သူများကို အကာအကွယ်ပေးရန်နှင့် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသည့် ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရန်အတွက် စစ်တပ်၊ စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်စနစ်ဟူသမျှ ချုပ်ငြိမ်းရေးသည်သာ တစ်ခုတည်းသော နည်းလမ်းဟု ယုံကြည်သည်ဟုလည်း ဆိုထားသည်။

အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်မှုကို ကာကွယ်ရန်၊ တိုင်းရင်းသားလူမျိုးများ လိုလားတောင့်တသည့် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်ရန်အတွက် စစ်ကောင်စီကိုဆန့်ကျင်တိုက်ခိုက်နေသည့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ အစည်းများ၊ နွေဦးတော်လှန်ရေးအင်အားစုများနှင့် လက်တွဲကာ အာဏာသိမ်းစစ်တပ်အား တိုက်ခိုက် သွားမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

မွန်ပြည်သစ်ပါတီသည် အရပ်သားအစိုးရလက်ထက်တွင် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)တွင် လက်မှတ်ထိုးထားကာ စစ်ကောင်စီနှင့် နိုင်ငံရေးဆွေးနွေးနေသည့် အဖွဲ့ တခုဖြစ်ပြီး လက်ရှိတွင် စစ်အာဏာရှင်ကိုတိုက်ခိုက်ရန် နွေဦးတော်လှန်ရေးအင်အားစုများနှင့် လက်တွဲ မည်ဖြစ်ကြောင်း ထုတ်ပြန်လာခြင်း ဖြစ်သည်။

အလားတူ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနှင့်တွေ့ဆုံဆွေးနွေးမှုများလုပ်ဆောင်ခဲ့ပြီး NCA တွင် လက်မှတ်ရေးထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA)ကလည်း လက်ရှိ တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့၌ တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းကာ စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားနေသည်။

စာတည်း။ ။စောဖေ