စစ်ကောင်စီ၏ တပ်စခန်း ၂ ခုကို TNLA ထပ်မံသိမ်းပိုက်

ဓါတ်ပုံ-PSLF/TNLA

ဂျူချန်း(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီ၏ တပ်စခန်းနှစ်ခုကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA က ယမန်နေ့ ဒီဇင်ဘာ ၇ ရက်နေ့တွင် ထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။

ကျောက်မဲခရိုင်၊ မိုင်းလုံမြို့နယ်ရှိ စစ်ကောင်စီ၏ လယ်ကြီးတပ်စခန်းကို ဒီဇင်ဘာ ၇ ရက် နံနက် ၁၁နာရီခွဲအချိန်ခန့်တွင် TNLA နှင့် မိုးကုတ်ဗျူဟာ PDF ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး မန်တုံမြို့နယ်ရှိ ခိုမုန်းတပ်စခန်းကို ယင်းနေ့ ညနေ ၄နာရီခွဲအချိန်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနှစ်ခုကတော့ ကျမတို့ မနေ့ကပဲ ဝင်တိုက်ပြီးတော့မှ တရက်တည်းနဲ့ ရတဲ့ စခန်းတွေဖြစ်တယ်။ အရင်တုန်းက ခိုမုန်းပတ်ပတ်လည်က စခန်းတွေကိုသိမ်းတာ၊ ခုကတော့ စခန်းကြီးပေါ့နော်။ မန်တုံမှာဆိုရင် ခိုမုန်းနဲ့ ၁၃၀ တပ်စခန်း နှစ်ခုပဲ ရှိတော့တာ။ ခုဆို မန်တုံမှာ ၁၃၀ တပ်စခန်းတခုပဲ ကျန်တော့တယ်။ သူက မန်တုံရဲ့ တောင်ကုန်းပေါ်မှာရှိတယ်” ဟု PSLF/TNLA ပြောရေးဆိုခွင့်ရုံး တာဝန်ရှိသူအမျိုးသမီးတဦးက မဇ္ဈိမကို ပြောသည်။

လယ်ကြီးတပ်စခန်းကို တိုက်ခိုက်သည့်အချိန်အတွင်း စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ၁၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

လယ်ကြီးတပ်စခန်းကို ဝင်ရောက်ရှင်းလင်းချိန်တွင် ၆၀မမ၊ ၈၀မမ လက်နက်ကြီးအပါအဝင် လက်နက် ၁၀လက်နှင့် စစ်အသုံးအဆောင်များ သိမ်းဆည်းရရှိခဲ့ကြောင်း PSLF/TNLA ပြောရေးဆိုခွင့်ရုံး တာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၅ ရက်နေ့တွင်လည်း ကျောက်မဲမြို့နယ်ရှိ မိုင်းလုံတပ်စခန်းနှင့် နမ့်ခမ်းမြို့နယ်ရှိ မိုင်းဝီတပ်စခန်းတို့ကို TNLA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီ၏ တပ်စခန်းကြီး တပ်စခန်းငယ် ၅၅ ခုကို TNLA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း PSLF/TNLA ပြောရေးဆိုခွင့်ရုံးက ပြောသည်။

စာတည်း ။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး