မင်းကင်း၊ကံရွာတိုက်ပွဲ ပျူစောထီး၄ဦးသေဆုံး၊ ကာကွယ်ရေးရဲဘော် ၃ဦးဒဏ်ရာရ

ဓာတ်ပုံ။ ။ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF)

ကိုခင်မောင်

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ကံကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ရာ ပျူစောထီးလေးဦးသေဆုံးပြီး ကာကွယ်ရေးရဲဘော် သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF)ထံမှ သိရသည်။

စစ်ကောင်စီတပ်နှင့်ပျူစောထီးပူးပေါင်းတပ်စွဲထားသည့်စခန်းကို ဖေဖော်ဝါရီ၇ရက်မှစတင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ ဖေဖော်ဝါရီလ ၁၄ရက်ညနေက တိုက်ပွဲအတွင်း ရဲဘော်သုံးဦး ဒဏ်ရာရကာ လက်ရှိတွင်စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း SRF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံရဲဘော်Bravoက မဇ္စျိမအားပြောသည်။

ပုံအညွှန်း။ ​​​ ။မင်းကင်းမြို့နယ်၊ ကံရွာတိုက်ပွဲအတွင်း ဒဏ်ရာရသော SRF ရဲဘော်သုံးဦး။ / ဓာတ်ပုံ။ ။ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF)

“ ရဲဘော်နှစ်ယောက်ကတော့ ဒဏ်ရာမပြင်းထန်ဘူး။ လက်မှာထိသွားတာပါ။မနေ့က ခွဲစိတ်လိုက်တော့ အဆင်ပြေပါတယ်။ နောက်တယောက်ကတော့ မျက်နှာကနေစပြီးမှ ခန္ဒာကိုယ်တခြမ်းထိသွားတာပေါ့။ မိုင်းစမှန်သလိုဖြစ်သွားတာပေါ့ ။ ဆေးဝါးကုသမှုခံယူနေဆဲပါ” ဟု ရဲဘော်Bravoကက ဆိုသည်။

ဖေဖော်ဝါရီ ၁၂ရက်နေ့ တိုက်ပွဲတွင် မင်းကင်းမြို့နယ်ပျူစောထီးတပ်တာဝန်ခံ ကိုကိုကြီးဆိုသူ မေးရိုးပြင်းထန်ဒဏ်ရာရရှိပြီး ပျူစောထီးလေးဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ထို့အပြင် တိုက်ပွဲအတွင်း လူနေအိမ် ၁၀၀ကျော်လည်း မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများကပြောသည်။

” တိုက်ပွဲကဆက်ဖြစ်နေပါတယ်။ ပျူစောထီးခေါင်းဆောင်လည်း ထိသွားတယ်” ဟု မင်းကင်းမြို့ခံတဦးကပြောသည်။

တိုက်ခိုက်မှုစတင်ခဲ့သော ဖေဖော်ဝါရီလ ၇ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ၏ အခိုင်အမာတည်ဆောက်ထားသော ဘန်ကာငါးခုကို ဖျက်ဆီးနိုင်ခဲ့ပြီး ရွာအတွင်းမှ ပင်မတပ်စခန်းကိုသာ သိမ်းပိုက်နိုင်ရန် ကျန်ရှိကြောင်း SRFထံမှ သိရသည်။

ရဲဘော်Bravoက “ကံရွာကကျတော့ မင်းကင်းမြို့နဲ့ အနီးဆုံးရွာလို့ပြောရမယ်။ အဲ့ကံရွာမှာ ပျူစောထီးတွေလဲများတယ်။ စစ်တပ်ဘက်ကလည်း တပ်ထိုင်ထားတယ်။ ဘန်ကာတွေလုပ်ထားတာကလည်း စစ်တပ်ပုံစံ အဲလိုမျိုးဖြစ်တာပေါ့ “ ဟု ပြောသည်။

ကံရွာသည် စစ်ကောင်စီအဓိကတပ်စွဲထားသည့်နေရာဖြစ်ပြီး လာရောက်တိုက်ခိုက်သည့်ကာကွယ်ရေးတပ်ဖွဲ့များအား လေကြောင်း၊လက်နက်ကြီးများဖြင့် အင်အားသုံး၍တန်ပြန်တိုက်ခိုက်ရန် စစ်ကောင်စီလက်အောက်ခံ တယ်လီဂရမ်ချန်နယ်များက ရေးသားနေကြသည်။

လတ်တလောဖြစ်ပွားနေသောတိုက်ပွဲကို ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF )နှင့် မဟာမိတ်တပ်ဖွဲ့များဖြစ်ကြသော Brave Eagle Revolution Force (BERF)၊ People’s Liberation Army (PLA)၊ ချင်းတွင်းအထက်မြစ်ရိုးတော်လှန်ရေးတပ်ဖွဲ့ (UCRRF)တို့မှ ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၆၀နီးပါးအထိုင်ချတပ်ဆွဲထားသော ကံရွာတွင် လူနေအိမ် ၃,၀၀ဝန်းကျင်ရှိသည်။ ဒေသခံများသည် စစ်ရှောင်နေကြရပြီး နေရပ်သို့ ပြန်လည်ဝင်ရောက်နိုင်ခြင်း မရှိသောကြောင့် စားဝတ်နေရေးအတွက် အခက်အခဲများစွာ ရှိနေကြောင်း SRF တပ်ဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ခုနှစ် သြဂုတ်လ ၂၈ရက်တွင် ကံကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းစခန်းကို တိုက်ခိုက်ခဲ့စဉ် ပျူစောထီးခုနစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များကသတင်းထုတ်ပြန်ခဲ့သည်။

စာတည်း – အေးချမ်း