ရေမျက်နီရဲစခန်းက စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၄ဦးသေဆုံး

ရေမျက်နီရဲစခန်းမှ ထွက်လာသော စစ်ကောင်စီတပ်သားများနှင့် ရဲများအား YRA (ထီးလင်း)မှ ကြားဖြတ်တိုက်ခိုက်စဥ်/Video-Yaw Revolutionary Army

ကိုခင်မောင်

(မဇ္စျိမ)။ ။ မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ရေမျက်နီရဲစခန်းမှ ရိက္ခာရှာထွက်လာသော စစ်ကောင်စီတပ်များအား တိုက်ခိုက်ခဲ့ရာ လေးဦးသေဆုံးသွားကြောင်း ဂန့်ဂေါခရိုင်တပ်ရင်း(၁၅/၁၆/၁၇)- YRA (ထီးလင်း )မှ ယနေ့ မတ်လ ၁၄ရက်တွင် သတင်းထုတ်ပြန်သည်။

ယမန်နေ့ မတ်လ ၁၃ရက် ညနေ ၅နာရီကျော်ခန့်တွင် ရေမျက်နီရဲစခန်းမှထွက်လာသော စစ်ကောင်စီတပ်များနှင့် ရဲများ တပ်စိတ်တစိတ်ကို YRA (ထီးလင်း)ရဲဘော်များမှ လက်နက်ကြီး၊ ငယ်များဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တနာရီခန့်ကြာ အပြန်အလှန်နှစ်ဖက်ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု YRA (ထီးလင်း )ခေါင်းဆောင် သခင်ဇော်က မဇ္စျိမအားပြောသည်။

“ရေမျက်နီရဲစခန်းမှာရှိတဲ့ စကစတွေက တိတ်တိတ်ကလေး အပြင်ထွက်ပြီးတော့ ရိက္ခာရှာတာပါဗျ၊ ရေမျက်နီရွာထဲကို လာတာပါဗျ။ လာတဲ့အချိန်မှာ ကြားဖြတ်တိုက်ခိုက်တာပါ။ လေးဦးသေဆုံးတယ်ဆိုတာက တိုက်ပွဲမှာ တိုက်ခဲ့တဲ့ ရဲဘော်တွေရဲ့ မျက်မြင်အရရော နောက်တခုက အတွင်းသတင်းအရ အတည်ပြုခဲ့တာပါဗျ။” ဟု သခင်ဇော်က ဆိုသည်။

ရေမျက်နီရဲစခန်းအား ဂန့်ဂေါခရိုင်တပ်ရင်း(၁၅/၁၆/၁၇)-YRA(ထီးလင်း)နှင့် မဟာမိတ်တပ်ဖွဲ့များမှ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၄ရက်နေ့မှ စတင်၍ တပတ်တိတိကြာ တိုက်ခိုက်ခဲ့ပြီးနောက် ထိုရွာအား တော်လှန်ရေးတပ်ဖွဲ့များမှ ယနေ့အချိန်အထိ ကုန်စည်နှင့် စားနပ်ရိက္ခာများ ဖြတ်တောက်ပိတ်ဆို့ထားခဲ့ကြောင်း ၎င်းကဆက်လက်ပြောသည်။

ထိုသို့ ရိက္ခာလမ်းကြောင်းများ ပိတ်ဆို့ထားခဲ့သော်လည်း ဂန့်ဂေါမြို့အခြေစိုက် ခလရ (၅၀)မှ စစ်ကောင်စီတပ်များနှင့် ကျောမြို့(ကပစ- ၂၃)မှ စစ်ကောင်စီတပ်များ ရေမျက်နီရဲစခန်းသို့ စစ်ကြောင်းထိုးရိက္ခာများ လာရောက်ပို့ဆောင်ခဲ့ပြီး မတ်လ ၂ရက်နေ့တွင် ထိုရိက္ခာပို့စစ်ကြောင်းများအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ပြီးခဲ့တဲ့ သုံးလလောက်ကတည်းက ရေမျက်နီရဲစခန်းကို ရိက္ခာတွေဖြတ်တောက်ထားတာပါဗျ။ ရိက္ခာဖြတ်တောက်ထားတော့ သူတို့တွေ အမြဲတမ်းလိုလို ရိက္ခာရှာထွက်တာတွေရှိတယ်။ နောက်ပြီးတော့ ဂန်ဂေါဘက်ကနဲ့ ကျောဘက်ကလာပြီး ရိက္ခာလာပို့တာရှိတယ်။ ရေမျက်နီကျေးရွာနဲ့ ရဲစခန်းက ထိစပ်နေတာဖြစ်တဲ့အတွက် ရဲစခန်းအနီးဝန်းကျင်မှာတော့ ပြည်သူတွေနေထိုင်မှုမရှိတော့ဘဲ စခန်းနဲ့လှမ်းတဲ့ အစွန်ဖျားတွေမှာ ပြည်သူတွေနေထိုင်တာတော့ ရှိပါတယ်။ ဒေသခံအများစုကတော့ လက်ရှိအချိန်ထိ စစ်ဘေးရှောင်နေဆဲပါခင်ဗျ၊” ဟု YRA (ထီးလင်း )ခေါင်းဆောင် သခင်ဇော်က မဇ္စျိမအားပြောသည်။

ဂန့်ဂေါ-မန္တလေးကားလမ်းမကြီးပေါ်ရှိ ရေမျက်နီကျေးရွာအား ရိက္ခာဖြတ်တောက်နိုင်ရန်အတွက် ကားလမ်းမကြီးကို ဖြတ်သန်းသွားလာသည့် ကုန်စည်ကားမှန်သမျှကို ပိတ်ဆို့ထားပြီး တခြားဒေသမှနေ၍ ရှောင်လမ်းမှ ကုန်ဆည်ကားများ သွားလာခွင့်ပေးထားကြောင်းလည်း YRA (ထီးလင်း )ခေါင်းဆောင်ထံမှ သိရသည်။

ရေမျက်နီကျေးရွာသည် ထီးလင်းမြို့မှ ၂၅မိုင်ခန့်အကွာတွင်တည်ရှိသည်။ ယခင်နှစ်ဒီဇင်ဘာလအတွင်း ရေမျက်နီရဲစခန်းအား တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ သိမ်းပိုက်လုနီးပါးရှိနေချိန် စစ်ကောင်စီတပ်ဘက်မှ လေကြောင်းပစ်ကူအများအပြားအသုံးပြုခြင်းနှင့် မြေပြင်စစ်ကူစစ်ကြောင်းများ ရောက်ရှိလာခြင်းများကြောင့် မဟာမိတ်ပူးပေါင်းတပ်များ နောက်ဆုတ်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလတွင်လည်း ရေမျက်နီစခန်းမြောက်ဘက်နှင့် အရှေ့မြောက်ဘက်များသို့ ရေခပ်ဆင်းလာသော စစ်ကောင်စီတပ်များအား ဂန့်ဂေါခရိုင်တပ်ရင်း(၁၅/၁၆/၁၇)- YRA (ထီးလင်း)မှ ၄၀မမ လက်နက်ကြီး၊ ငယ်များဖြင့် နှစ်ကြိမ်တိတိ ပစ်ခတ်တိုက်ခိုက်ခဲ့သေးကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် ဖေဖော်ဝါရီလ ၂၇ရက်နေ့တွင်လည်း ရေမျက်နီရဲစခန်းသို့ ၄၀ မမများပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိုသို့သုံးလတာ ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က ၁၀ဦးသေဆုံးခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

စာတည်း – သန့်ဇော်(သန်လျင်)