ချင်းတွင်းမြစ်ကြောင်းရှိ စစ်ကောင်စီ ရိက္ခာပို့ ရေယာဉ်တိုက်ခိုက်ခံရ

MTO

(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး မြို့နယ်၊ ဆင်ဖြူရှင်တံတားမှ ကံကြီးကုန်း ပျူရွာသို့ ချင်းတွင်းမြစ်ကြောင်းမှတဆင့် ရိက္ခာပို့ရန် စစ်ကောင်စီ အသုံးပြုသည့် ရေယာဉ်တစီးကို ပစ်ခတ်တိုက်ခိုက်ရာ အရာရှိတဦး ထိခိုက်ဒဏ် ရာရရှိသွားကြောင်း Royal Tiger Force ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူထံက သိရသည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နေ့လယ် ၁၂ နာရီ အချိန်တွင် အဆိုပါ ရေယာဉ်အားလက်နက်ကြီး ၊ လက် နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း Royal Tiger Force ပြောက်ကျား တပ်ဖွဲ့ မှ တာဝန်ရှိသူတဦးက ပြောသည်။

၎င်းက “ မုံရွာက ဆင်းလာကတည်းက သတင်းရလို့ ကြိုစောင့်နေတာ ။ အဲ့ဖလက်ခွန်(ရေယာဥ်)က ဆားလင်းကြီးမြို့နယ်ထဲက ပြည်သူ တဦးပိုင်တဲ့ ဖလက်ခွင် ဆိုတော့ သတင်းစုံစမ်းတဲ့အခါ လှမ်းပြောတာပါ။ သူတို့ဘက်က သုံးပွင့်ဗိုလ်တဦးမေးရိုးဆုတ် ပြတ်သွားတယ်လို့သိရတယ် ” ဟုပြောသည်။

ထိုရေယာဥ်ကို လက်နက်ကြီးဖြင့် လေးချက်ပစ်ခတ်ခဲ့ရာ နှစ်ချက်ထိမှန်ပြီး လက်နက်ငယ်များဖြင့်လည်း တနာရီကျော်ကြာ အပြန်အလှန်ပစ်ခတ်မှုရှိကြောင်း ၎င်းကဆိုသည်။

၎င်းက “ သူတို့က ရေကြောင်းက လာပြီဆိုတာနဲ့ မြစ်ကမ်းဘေးက ရွာတွေကို အကုန်ပစ်ပြီး မှလာတာ ကျတော်တို့ မပစ်လည်းသူတို့က ပစ်သွားတာ ။ ဒါပေမဲ့ကျတော်တို့ဘက်မှာတော့ အထိအခိုက်မရှိဘူး” ဟုပြောသည်။

အဆိုပါ ရေယာဉ်သည် ကံကြီးကုန်းပျူရွာကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေပိုင်းတွင် ကမ်းကပ်၍ ရိက္ခာများ ပို့ဆောင်ခဲ့ပြီးနောက် မုံရွာမြို့သို့ ဆက်လက်ထွက်ခွာသွားကြောင်းဒေသခံများထံက သိရသည်။

ယခုတိုက်ခိုက်မှုကို Royal Tiger Force ပြောက်ကျားတပ်ဖွဲ့ နှင့်အတူ မုံရွာခရိုင်တပ်ရင်း (၁၂) လျှပ်စီးတပ်ခွဲ တို့ မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး