မနိုဘယ်လ်အေး သေဆုံးမှု စစ်ကောင်စီက မိသားစုထံ အကြောင်းမကြားသေး

ရွှေနွယ်

(မဇ္ဈိမ)။ ။ စစ်ကောင်စီတပ် ဖမ်းဆီးသွားသူ မနိုဘယ်လ်အေး သေဆုံးသည်ဟု သတင်းကြားသိရသော်လည်း စစ်ကောင်စီက မိသားစုထံ တရားဝင် အကြောင်းကြားမှု မရှိသေးကြောင်း မနိုဘယ်လ်အေး၏ မောင်တော်စပ်သူ ကိုထက်မြတ်က မဇ္ဈိမကိုပြောသည်။

ပဲခူးတိုင်း ဒေသကြီးကိုယ်စားလှယ် ကိုမင်းထက်သာထံက မနိုဘယ်လ်အေးသေဆုံးကြောင်း သတင်းကြားရသော်လည်း ကျန်အသေးစိတ်အခြေအနေများကို မသိရသေးကြောင်း ၎င်းကဆိုသည်။

” ပဲခူး သေနတ်ပင် တိုင်းဒေသကြီးကိုယ်စားလှယ် ကိုမင်းထက်သာက အတည်ပြုလို့ရထားတယ်လို့ပြောတယ်။ မိသားစုကိုတော့ အကြောင်းကြားလာတာ သတင်းပို့လာတာမျိုးမရှိသေးပါဘူး။ ကျွန်တော်တို့က ဘာဆက်လုပ်ရမှန်းကိုမသိနေတာ။ သေဆုံးကြောင်းကလည်း အတိအလင်း သိရတာမျိုးမဟုတ်သေးတော့။ တရားမျှတမှုကိုရချင်တာပါ” ဟု ကိုထက်မြတ်က မဇ္ဈိမကိုပြောသည်။

မနိုဘယ်လ်အေးသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်နေ့ ညပိုင်းက ပဲခူးတိုင်း ဝေါမြို့နယ်တွင် ကိုလေးခွင်နှင့်အတူ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ဖမ်းဆီးခံရစဉ်က စနိုက်ဘာ နှစ်လက်၊ MA1 သေနတ် တလက်၊ MA3 သေနတ် တလက်၊ ပစ္စတို သေနတ် တလက်၊ လက်ပစ်ဗုံး ၁၄ လုံးတို့နှင့်အတူ ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီကိုထောက်ခံရေးသားလျက်ရှိသည့် မှိုင်းဝေတယ်လီဂရမ်ချန်နယ်တွင် ဓာတ်ပုံနှင့်တကွရေးသားဖော်ပြထားခဲ့သည်။

ဖမ်းဆီးခံရပြီးနောက် ရက် ၂၀ ခန့်အကြာတွင် ယခုကဲ့သို့ သေဆုံးကြောင်းသတင်းကို ကြားသိရခြင်းဖြစ်သည်ဟု ကိုထက်မြတ်က ဆိုသည်။

မနိုဘယ်လ်အေးနှင့် ကိုလေးခွင်တို့ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်နေ့က ပဲခူးတိုင်း ၊ ဝေါမြို့နယ် တရားရုံး၌ ရမန်ယူခဲ့သည်။ ထိုမှအပြန်လမ်းတွင် ကိုလေးခွင်အား ထွက်ပြေးသည်ဟုဆိုကာ စစ်ကောင်စီက ပစ်သတ်ခဲ့ကြောင်းနှင့် ရုပ်အလောင်းကိုမူ ဝေါဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု သတင်းရရှိကြောင်း ကိုထက်မြတ်ကဆိုသည်။
မနိုဘယ်လ်အေး သေဆုံးမှုမှာမူ အလားတူဖြစ်ရပ်မျိုးဟု သိရှိရသော်လည်း မိသားစုအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ပြောသည်။

မနိုဘယ်လ်အေးသည် ၁၉၉၆ ခုနှစ် ကျောင်းသားလှုပ်ရှားမှု၌ ပါဝင်ခဲ့သောကြောင့် ထောင်ဒဏ် ၄၂ နှစ် ချမှတ်ခံရဖူးပြီး ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့အရေးအခင်းတွင်လည်း ထပ်မံဖမ်းဆီးထောင်ချခံရဖူးသည့် နိုင်ငံရေးအကျဉ်းသူဟောင်းဖြစ်သည်။

” မနိုဘယ်လ်အေးကိစ္စကိုလည်း ကျွန်တော်တို့အနေနဲ့စနစ်တကျမှတ်တမ်းကောက်ယူမယ်။ အဲ့နားမှာရှိတဲ့ ဒေတာကိုတွေ ကျွန်တော်တို့ကောက်ယူနိုင်ခဲ့ပြီးရင်တော့ လူ့အခွင့်အရေးမဟာမင်းကြီးရုံးကို ကျွန်တော်တို့ပို့ဆောင်သွားမှာဖြစ်ပါတယ်။ ကျန်တဲ့အဖွဲ့အစည်းတွေလည်း ဖြစ်စဉ်ကို ကောက်ယူနိုင်ခဲ့ရင် ကုလသမဂ္ဂအဖွဲ့တွေကို ပို့သွားနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်ဗျ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

ထို့ပြင် စစ်ကောင်စီအနေဖြင့် အလားတူဖြစ်ရပ်များကိုလည်း ကျူးလွန်ဖူးသည့် မှတ်တမ်းများရှိကြောင်း ကိုသိုက်ထွန်းဦးကဆိုသည်။

“ကျွန်တော်တို့ ဒါမျိုးက လီလီနိုင်ကျော်ဖြစ်စဉ်မှာတုန်းကလည်း ယုတ္တိမရှိဘဲ လူတယောက်ကိုသတ်ချင်တိုင်း ထွက်ပြေးရန်ကြံစည်မှုဆိုတာမျိုးနဲ့ ပစ်သတ်ခဲ့ဖူးတယ်။ အကျဉ်းထောင်ထဲမှာ ရောက်ပြီးသားအကျဉ်းသားတွေကိုတောင်မှ ထောင်ပြောင်းချိန်မှာ ထွက်ပြေးလို့ဆိုပြီး ပစ်သတ်ခဲ့တာမျိုးတွေရှိတယ်” ဟုကိုသိုက်ထွန်းဦးက ပြောသည်။

စစ်ကောင်စီ ဖမ်းဆီးသွားပြီးနောက် ရက်ပိုင်းအတွင်း သေဆုံးရသည့်ဖြစ်ရပ်များသည် များစွာဖြစ်ပျက်ခဲ့ဖူးပြီးဖြစ်သောကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ မြေပြင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ အရေးယူမှု တစ်စုံတရာပြုလုပ်နိုင်လျင် စစ်ကောင်စီ၏ လုပ်ရက်များကို အဟန့်အတားဖြစ်စေမည့်ဟုယူဆကြောင်းလည်း ကိုသိုက်ထွန်းဦးကဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁ ရက်နေ့မှစတင်ကာ ယခု ဖေဖော်ဝါရီ ၁၅ ရက်နေ့ထိ ၄၅ ရက်တာကာလအတွင်း နိုင်ငံတဝန်း၌ စစ်ကောင်စီမှ ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရသူအရေအတွက်သည် အမျိုးသမီး ၁၂ ဦးနှင့် အမျိုးသား ၅၇ ဦး စုစုပေါင်း ၆၉ ဦးရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP မှ ယမန်နေ့က ထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး