ထားဝယ်ခရိုင် နိုင်ငံရေး ဦးဆောင်အဖွဲ့မှ အခြေခံကျန်းမာရေး စောင့်ရှောက်မှု သင်တန်းဆင်းပွဲ ပြုလုပ်

ပုံအညွှန်း- အခြေခံကျန်းမာရေး စောင့်ရှောက်မှု သင်တန်းအား အွန်လိုင်းမှ သင်ကြားနေစဉ်

ကိုရွှေမြိတ်

(မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ နိုင်ငံရေး ဦးဆောင်အဖွဲ့က အွန်လိုင်းမှ တဆင့်ပြုလုပ်သည့် အအခြေခံကျန်းမာရေး စောင့်ရှောက်မှု သင်တန်းဆင်ပွဲကို ယနေ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထားဝယ်ခရိုင် နိုင်ငံရေး ဦးဆောင်အဖွဲ့၊ လူမှုထောက်ကူပြုကော်မတီမှ ဦးဆောင်စီစဉ်သည့် အဆိုပါ အခြေခံကျန်းမာရေး စောင့်ရှောက်မှု ၄၂ ရက်တာ သင်တန်းကို ထားဝယ်ခရိုင် အတွင်းရှိ နိုင်ငံရေး အင်အားစုများ၊ တော်လှန်ရေး တပ်ဖွဲ့များနှင့် အုပ်ချုပ်ရေးအဖွဲ့များမှ အဖွဲ့ဝင် သင်တန်းသူ၊ သင်တန်းသား ၅၇ ဦး တက်ရောက် ပြီးဆုံးခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

“သင်တန်းရဲ့ ရည်ရွယ်ချက်ကတော့ ဒေသတွင်းမှာ CDM ဆရာ/ ဆရာမတွေ လုံလောက်မှုမရှိ အားနည်းနေတဲ့ အတွက် ဒီသင်တန်းကို ပြုလုပ် သင်ကြားပို့ချရခြင်း ဖြစ်တယ်” ဟု တနင်္သာရီတိုင်း ကျန်းမာရေး တာဝန်ခံ ဒေါက်တာ ထူးနေအောင်က ယင်းသင်တန်းဆင်းပွဲ၌ ပြောကြားခဲ့သည်။

သို့သော် အခြေခံ ကျန်းမာရေး စောင့်ရှောက်မှု သင်တန်းနှင့် ပတ်သက်ပြီး လက်တွေ့ မြေပြင်တွင် အကောင်ထည်ဖော်သွားရန် အတွက် ဆေးဝါးနှင့် ဆက်စပ် ပစ္စည်းများ လိုအပ်ချက်များလည်း ရှိနေကြောင်း ဆိုသည်။

အမျိုးသားညီညွတ်ရေး အစိုးရထံ တင်ပြ တောင်းဆိုထားသကဲ့သို့ ပြည်သူများလည်း အထက်ပါ အင်အားစုထံ ဆက်သွယ် ထောက်ပံ့နိုင်ကြောင်း တာဝန်ရှိသူများက ယင်းသင်တန်းဆင်းပွဲ၌ ထည့်သွင်း ပြောကြားခဲ့သည်။

အဆိုပါ အခြေခံကျန်းမာရေး စောင့်ရှောက်မှု သင်တန်းကို ထားဝယ်ခရိုင် နိုင်ငံရေး ဦးဆောင်အဖွဲ့၊ လူမှုထောက်ကူပြုကော်မတီတို့ ပူးပေါင်းပြီး ထားဝယ်ခရိုင်အတွင်း ပထမဆုံး ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဆက်လက်ပြီး မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်တို့တွင်လည်း ချိတ်ဆက်ပြုလုပ်သွားရန် စီစဉ်ထားကြောင်း ဦးဆောင်ကော်မတီထံမှ သိရသည်။

“သင်တန်းသား/သူတွေကတော့ လက်တွေ့မှာလည်း မြေပြင်မှာ ကျန်းမာရေး စောင့်ရှောက်မှုတွေ အရင်ကလည်း ပေးနေတာရှိလို့ အခုသင်တန်း ပြီးဆုံးသွားတဲ့ အခါမှာလည်း လက်တွေ့ပိုပြီး လုပ်ဆောင်လာ နိုင်လိမ့်မယ်လို့ ယုံကြည်တယ်” ဟု သင်တန်း ဆရာ Bravo က ပြောသည်။

အခြေခံကျန်းမာရေး စောင့်ရှောက်မူသင်တန်းအား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့မှ စတင်ကာ Zoom ဖြင့်ပြုလုပ်ခဲ့ရာ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၈ ရက်နေ့တွင် သင်တန်းပြီးဆုံးခဲ့သည်။

စာတည်း။ ။ နောင်နောင်