မုံရွာမြို့တွင် ကာကွယ်ရေးအဖွဲ့က စစ်ဆေးရေးဂိတ်အား ဝင်ရောက်ပစ်ခတ်ကာ သေနတ်သိမ်းဆည်း

ပုံအညွှန်း -သိမ်းဆည်းရသည့် လက်နက်နှင့်
ကျည်ဆံများ။(ဓါတ်ပုံ -TLWDF)

ပါခွီး

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ၊ အောင်ချမ်းသာရပ်ကွက်ရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်အား ယမန်နေ့ ဖေဖော်ဝါရီလ ၁၉ရက်တွင် ဝင်ရောက်ပစ်ခတ်ရာ သေနတ်နှစ်လက် သိမ်းဆည်းနိုင်ခဲ့ကြောင်း သလ္လာဝတီ ကာကွယ်ရေးတပ်ဖွဲ့ (TLWDF) ထံက သိရသည်။

“အဓိက ကတော့ ရန်သူ့လက်နက် ကိုယ့်လက်နက်ဖြစ်လိုတာပါဗျ ၊ အဲလိုလုပ်မှပဲ လက်နက်ရနိုင်မှာမို့ပါ၊ နှစ်ယောက်စလုံး ပြင်းထန်ဒဏ်ရာ ရသွားကြတယ် သေမသေတော့ မသိရသေးဘူး” ဟု TLWDF တာဝန်ရှိသူက မဇ္စျိမ ကိုပြောသည်။

ပစ်ခတ်မှုအပြီး စစ်ကောင်စီတပ်သားများထံမှ ၎င်းတို့ကိုင်ဆောင်သော MA3 နှစ်လက်နှင့် ကျည်ဆံအချို့ကို သိမ်းဆည်းရရှိခဲ့ကာ ဒဏ်ရာရသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး စစ်ဆေးရုံတွင် ကုသမှုခံယူနေကြောင်း TLWDF တာဝန်ရှိသူက ဆက်ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို သလ္လာဝတီ ကာကွယ်ရေးတပ်ဖွဲ့ (TLWDF) နှင့်အတူ Monywa M 4 အဖွဲ့မှပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် မုံရွာမြို့တွင် စစ်ကောင်စီတပ်ဖွဲ့က လူငယ်များကို ဖမ်းဆီးခြင်း၊ ရပ်ကွက်များတွင် အိမ်ထောင်စုစာရင်းများကို လိုက်လံစစ်ဆေးခြင်းများ ပြုလုပ်နေသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်ထံမှ သိရသည်။

ဇန်နဝါရီလ ၄ ရက်နေ့ကလည်း မုံရွာမြို့တောင်ဘက်ရှိ မအူစစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်မှ စစ်ကောင်စီတပ်သားများကို TLWDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သည့်ဖြစ်ရပ် ဖြစ်ပွါးခဲ့သေးသည်။

စာတည်း။ ။ ဖူးသိမ်ကျ