စစ်တပ်အမာခံတွေကို YMBA အသင်းဝင်ကတ်တွေ ထုတ်ပေး

မိုးသောက်

မဲဆောက်(မဇ္ဈိမ)။ ။စစ်ကောင်စီထောက်ခံသူ အမာခံတွေကို ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA) က အသင်းဝင်ကတ်တွေထုတ်ပေးနေတယ်လို့ ရန်ကုန်မြို့ခံတဦးက ပြောပါတယ်။

မဇ္ဈိမကရရှိထားတဲ့ အသင်းဝင်းကတ်ထဲမှာတော့ လက်ရှိဥက္ကဋ္ဌ ဦးရဲထွန်းလက်မှတ်ရေးထိုးပြီး ထုတ်ပေး ထားတာကို တွေ့ရပါတယ်။ ဒီလိုကတ်ထုတ်ပေးတာမျိုးကို အရင်အစိုးရလက်ထက်တွေထဲကရှိတယ်လို့ အုပ်ချုပ်ရေးမှူးတဦးက ပြောပြပါတယ်။

YMBA ရုံးချုပ်ကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့က စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရောက်ရှိလာပြီး စစ်မှုထမ်းဥပဒေကို ပြည်သူတွေနားလည်အောင်ရှင်းပြဖို့နဲ့ အမျိုးသားရေးစိတ်ဓါတ်တွေ ရှင်သန်လာအောင်ဆောင်ရွက်ကြဖို့ ပြောခဲ့တာရှိပါတယ်။

၁၉၀၆ ခုနှစ်မှာဖွဲ့စည်းခဲ့တဲ့ YMBA အသင်းဟာ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ သမိုင်းဝင်ခဲ့ပေမယ့် အခုတော့ စစ်ကောင်စီကို ပေါ်တင်ထောက်ခဲ့တဲ့အဖွဲ့ဖြစ်တဲ့အတွက် ပြည်သူတွေက ဆန့်ကျင်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။

YMBA အသင်းဟာ အာဏာသိမ်းစစ်ခေါင်းဆောင်ကို အာဏာမသိမ်းမီက မင်္ဂလဓမ္မ ဇောတိကဓဇဘွဲ့နဲ့ နာယကအဖြစ်ခန့်အပ်ခဲ့ပြီး အာဏာသိမ်းပြီးတဲ့နောက်မှာ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့ ထပ်မံပေး အပ်ပြီး ဂုဏ်ထူးဆောင်နာယကအဖြစ် သတ်မှတ်ထားပါတယ်။