မဏိပူရပြည်နယ် အင်ဖာထိန်းသိမ်းရေးစခန်းတွင် မြန်မာနိုင်ငံသားများ အစာငတ်ခံဆန္ဒပြ

ပုံအညွှန်း - အင်ဖာမြို့ရှိ မြန်မာအကျဥ်းသူများကိုထိန်းသိမ်းထားသည့် အဆောင် (ပုံဟောင်း)

ပုံအညွှန်း – အင်ဖာမြို့ရှိ မြန်မာအကျဥ်းသူများကိုထိန်းသိမ်းထားသည့် အဆောင် (ပုံဟောင်း)

ပါခွီး

(မဇ္စျိမ)။ ။အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ အင်ဖာမြို့ရှိ ထိန်းသိမ်းရေးစခန်းတွင် မြန်မာနိုင်ငံသား ၂၈ ဦး ဇွန်လ ၁၆ ရက်နေ့မှစ၍ အစာငတ်ခံဆန္ဒပြနေကြောင်း India for Myanmar လှုပ်ရှားမှု ဦးဆောင်သူ ဆလိုင်းဒိုခါရ်ထံမှ သိရသည်။

အစာငတ်ခံဆန္ဒပြသူများသည် ၎င်းတို့ကိုလွှတ်မပေးမချင်း ဆန္ဒပြရန်ရည်ရွယ်ထားပြီး တာဝန်ရှိသူများနှင့် ညှိနှိုင်းရန်တောင်းဆိုထားသည်ဟု ဆိုသည်။
“အရင်ပြန်ပို့လိုက်တဲ့သူတွေက တော်လှန်ရေးမတိုင်ခင်ကတည်းက အိန္ဒိယဘက်ကိုရောက်နေတာဖြစ်တဲ့ အတွက် သူတို့အတွက်အခက်အခဲမရှိပေမဲ့ အခုဆန္ဒပြတဲ့သူတွေက ပြန်ပို့မယ်ဆို လုံးဝအဆင်မပြေဘူး။ အဲဒါကြောင့် ဒီဘက်မှာအမြန်ဆုံး ပြန်လွှတ်ပေးဖို့တောင်းဆိုတာ” ဟု ဆလိုင်းဒိုခါရ်က မဇ္စျိမကိုပြောသည်။

အထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား အမျိုးသား ၉၉ ဦးအနက် ကျန်းမာရေးကောင်းသည့် လူငယ် များဆန္ဒပြလျက်ရှိပြီး အချို့က စစ်ကောင်စီလက်ထဲလွှဲပြောင်းခံရခြင်းထက် ထောင်အတွင်းဆက်လက် နေထိုင်လိုကြောင်း ဆလိုင်းဒိုခါရ်က ဆက်ပြောသည်။ သို့သော် အချို့မှာ စစ်ကောင်စီထံလွှဲလျှင်လည်း ပြန်လိုသူများရှိနေကြောင်း သိရသည်။

တရားမဝင်ရွှေ့ပြောင်းနေထိုင်မှုဖြင့် မဏိပူရအာဏာပိုင်များကဖမ်းဆီးခဲ့သည့် မြန်မာနိုင်ငံသားများမှာ လန်မ်ကားမြို့တွင် ရက်ကန်းခတ်သည့်အလုပ်သမားများ၊ မိုးရေးမြို့နယ်မှ စစ်ဘေးရှောင်များနှင့် အထောက်အထားအတုဖြင့် ပြည်နယ်အတွင်း ဝင်ရောက်ရန်ကြိုးစားသူများပါဝင်ကြောင်း သိရသည်။

အထိန်းသိမ်းခံရသူများသည် အာဏာပိုင်များကချမှတ်ထားသည့် ထောင်ဒဏ်ခြောက်လအပါအဝင် ငွေ ဒဏ်များကို ကျခံပြီးသော်လည်း လွတ်မြောက်ခြင်းမရှိဘဲ ထိန်းသိမ်းရေးစခန်းအတွင်း၌ အစားအသောက် ညံ့ဖျင်းမှု၊ ဆေးဝါးကုသမှုမလုံလောက်ခြင်းများအပါဝင် အခက်အခဲများကြုံနေရသဖြင့် အမြန်လွတ် မြောက်လိုကြကြောင်း အထိန်းသိမ်းခံမိသားစုဝင်တဦးက မဇ္စျိမကို ပြောသည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့ကလည်း အထိန်းသိမ်းခံထားရသည့် မြန်မာအကျဥ်းသူ ၃၆ ဦးသည် လွတ်ရက်ပြည့်သော်လည်း ဆက်လက်ထိန်းသိမ်းခံရသဖြင့် အစာငတ်ခံဆန္ဒပြခဲ့ရာ နှစ်ရက်အကြာတွင် ရိုက်နှက်ဖြိုခွင်းခံရပြီး အာဏာပိုင်များနှင့်ညှိနှိုင်းကာ ဆန္ဒပြမှုရုပ်သိမ်းခဲ့ရသည်။

မဏိပူရပြည်နယ်ဝန်ကြီးချုပ်က စိစစ်ပြီးသောမြန်မာနိုင်ငံသား ၇၇ ဦးကို ပြန်လည်ပို့ဆောင်မည်ဟု ပြော ကြားပြီးခဲ့သည့်နောက် မေလ ၂ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းထားသည့် အမျိုးသမီးနှင့်ကလေးငယ် ၃၉ ဦး ကို ပထမအသုတ်အဖြစ် မိုးရေးမြို့မှတမူးမြို့သို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

ယင်းနောက် ဇွန်လ ၁၁ ရက်နေ့တွင် အမျိုးသမီးနှင့် ကလေး ၁၈ ဦးအပါအဝင် ၃၈ ဦးကို ဒုတိယအသုတ် အဖြစ် မိုးရေးမြို့ရှိ Integrated Check Post(ICP)မှတဆင့် တမူးဖက်သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ဝန်ကြီးချုပ်က အသိပေးထားသည်။

မဏိပူရပြည်နယ် အကျဥ်းထောင်နှင့် ထိန်းသိမ်းရေးစခန်းများရှိ မြန်မာနိုင်ငံသားများကို ၎င်းတို့ဆန္ဒမပါဘဲ အတင်းအကြပ်နေရပ်ပြန်ပို့ခြင်း ချက်ခြင်းရပ်ဆိုင်းရန် အပြည်ပြည်ဆိုင်ရာဥပဒေပညာရှင်များကော်မရှင် (ICJ)၊ Burma Refugees Committee – Kabaw Valley(BRCK) နှင့် India for Myanmar တို့မှ တောင်း ဆိုထားသည်။

စာတည်း။ ။စောဖေ