မန္တလေးမှအထွက်ဂိတ်များတွင် လူငယ်များအားပစ်မှတ်ထားပြီး တင်းကြပ်စွာ စစ်ဆေးလျက်ရှိ

ပုံစာ အစစ်အဆေးတင်းကြပ်နေသည့်မန္တလေးအထွက် ဧရာဝတီတံတားအား ယနေ့မွန်းလွဲပိုင်းကတွေ့ရစဥ်

ပုံစာ အစစ်အဆေးတင်းကြပ်နေသည့်မန္တလေးအထွက် ဧရာဝတီတံတားအား ယနေ့မွန်းလွဲပိုင်းကတွေ့ရစဥ်

007

(မဇ္စျိမ)။ ။မန္တလေးမြို့အထွက်ဂိတ်များတွင် စစ်ကောင်စီက ယခုရက်ပိုင်းတွင် လူငယ်များအား ပစ်မှတ်ထား ပြီး ရှာဖွေစစ်ဆေးမှု တင်းကြပ်စွာပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

“ဖုန်းယူစစ်တယ်၊ မှတ်ပုံတင်ပြခိုင်းတယ်။ အသက် ၂၀ ၊ ၂၅ နှစ်အရွယ်လေးတွေဆိုရင် ဒီထက်မက အစစ် အဆေးကြမ်းတာ တွေ့ခဲ့ရတယ်၊ အကြာကြီးပဲစစ်တာပေါ့နော်၊ ဖမ်းထားတယ်လို့တောင်မှတ်ရတယ်” ဟု မန္တလေးတိုင်းနှင့်စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် ဧရာဝတီတံတား(ရတနာပုံ) စစ်ဆေးရေးဂိတ်၏ လက်ရှိအခြေအနေကို ဒေသခံတဦးက ပြောသည်။

မြို့တွင်း၌ စစ်မှုထမ်းရန်စာရင်းလိုက်ကောက်နေစဉ် မြို့အထွက်ဂိတ်များအား တင်းကြပ်စွာစစ်ဆေးနေ ခြင်းဖြစ်ပြီး အထူးသဖြင့် စစ်မှုထမ်းဥပဒေတွင်အကြုံးဝင်သည့် အသက်အရွယ်ရှိသောလူငယ်များအား ပစ် မှတ်ထားစစ်ဆေးနေခြင်းဖြစ်သည်။

မန္တလေးမှ စစ်ကိုင်းတိုင်းသို့ မော်တော်ယာဉ်ဖြင့်ထွက်လိုလျှင် အနီးဆုံးအဖြစ် စစ်ကိုင်းတံတား (ဧရာဝတီ တံတား-ရတနာပုံ)ဂိတ်အားလည်းကောင်း၊ မတ္တရာမြို့ဘက်သို့ထွက်လိုလျှင် မန္တလေး-မိုးကုတ်လမ်းပေါ်ရှိ ရွှေကျင်ဂိတ်အားလည်းကောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းသို့ထွက်လိုလျှင် မန္တလေး-ပြင်ဦးလွင် အတက် လမ်း ၁၆ မိုင်ဂိတ်အားလည်းကောင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့်ရန်ကုန်တိုင်းသို့ထွက်လိုလျှင် ရန်ကုန်-မန္တလေးလမ်းဟောင်း မြစ်ငယ်စစ်ဆေးရေးဂိတ်အားလည်းကောင်း မဖြစ်မနေဖြတ်သန်းရသည်။

အဆိုပါဂိတ်များအနက် ၁၆ မိုင်ဂိတ်မှအပ ကျန်ဂိတ်များအားလုံးတွင် ပြီးခဲ့သည့်မတ်လ ၁၅ ရက်နေ့မှစ၍ အစစ်အဆေးတင်းကြပ်ထားသည်ကိုတွေ့ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့မှစ၍ မန္တလေးနှင့်အနီးဝန်းကျင်ရှိ ရပ်ကွက်နှင့် ကျေးရွာ များတွင် စစ်မှုထမ်းရန်အကြုံးဝင်နေသည့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အထိ အမျိုးသားများရှိရာ နေအိမ်များ အား အစည်းအဝေးတက်ရောက်ရန် အကြောင်းကြားခြင်း၊ အစည်းအဝေးလာတက်လျှင် စာရင်းကောက် ယူခြင်း၊ ရပ်ကွက်အချို့တွင် အိမ်တိုင်ရာရောက် စာရင်းကောက်ယူနေခြင်းတို့ ပြုလုပ်နေသည်။

စာရင်းသွင်းခံရသူများအနက် လူ ၅,၀၀၀ အား ကနဦးအသုတ်အဖြစ် စတင်စစ်မှုထမ်းခိုင်းမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားရာ ၎င်းတို့ထံ စစ်မှုမထမ်းလိုသူများက တော်လှန်ရေးအင်အားစုများထံ ဝင်ရောက် ခြင်း၊ နေရပ်စွန့်ခွာထွက်ပြေးခြင်းတို့ပြုလုပ်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ဆိုသည်။

“ကျွန်တော့် တဦးတည်းအမြင်အရပြောရရင် စစ်ကိုင်းနဲ့မတ္တရာက တောခိုဖို့အတွက် ထွက်ပေါက်ဖြစ်နေ တယ်၊ ဒါကြောင့် ပိတ်ဆို့နေတာလို့မြင်တယ်။ တခြားထွက်ပေါက်တွေ အများကြီးရှိသေးတာပဲ သူတို့ဘယ် လောက်ပိတ်နိုင်မှာလဲ” ဟု တော်လှန်ရေးသတင်းရင်းမြစ်တဦးက ပြောသည်။

စာတည်း။ ။စောဖေ