ကံထူးမရဲစခန်းတိုက်ပွဲတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၁၅ ကြိမ်ထက်မနည်း ပြုလုပ်

MTO

(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကံထူးမရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက စခန်းသိမ်း တိုက်ပွဲ အဖြစ်တိုက်ခိုက်နေရာ စစ်ကောင်စီတပ်ဖွဲ့ဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုများ ဆက် တိုက်ပြုလုပ်နေကြောင်း တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂၁ ရက် ယနေ့ နံနက်အစောပိုင်းတွင် ကံထူးမရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့များက စတင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်းမှ ၁၅ ကြိမ်ထက်မနည်းတိုက်ခိုက်ခဲ့ကြောင်း တန့်ဆည် (ပကဖ)တာဝန်ရှိသူတဦးက ပြောသည်။

“စစ်ကောင်စီက မနက် ၄ နာရီလောက်ကတည်းက လေယာဉ်နဲ့လာကြဲနေတာ အခုချိန်အထိပဲ။ ဗုံးကြဲ တာ ၁၅ ကြိမ်လောက်ရှိပြီ၊ Mi-35 နဲ့ရော ဂျက်ဖိုက်တာတွေနဲ့ရော လာကြဲနေတာ” ဟု ၎င်းက မွန်းလွဲ ၁ နာရီခန့်တွင် မဇ္ဈိမသို့ ပြောသည်။

လက်ရှိတွင် ကံထူးမရဲစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်နေပြီ စခန်းကိုအပြီးသတ်သိမ်းဆည်းနိုင်ရန်ကြိုးစားနေကြောင်း တန့်ဆည်(ပကဖ)တာဝန်ရှိသူ က ဆိုသည်။

“ တိုက်ပွဲက ပြင်းထန်နေတုန်းပဲ စခန်းထဲမှာ ဘန်ကာတခုကျန်နေသေးတယ်” ဟု ၎င်းကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းမှတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်မှုအခြေအနေနှင့် အဆောက် အဦးပျက်စီးမှုများရှိနိုင်သော်လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေ၍ အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

စာတည်း။ ။စောဖေ