ပုလဲမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂၀ ကျော်သေဆုံး

လေ့ကျင်ရေး လုပ်နေသည့် BNRA ရဲဘော်များ။ ဓာတ်ပုံ-BNRA

လေ့ကျင်ရေး လုပ်နေသည့် BNRA ရဲဘော်များ။ ဓာတ်ပုံ-BNRA

လွှမ်းမိုး

(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ် မြကုန်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်စစ်ကြောင်း နှင့် တော်ဝင်နဂါး စစ်ကြောင်း(BNRA) ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၂၂ ဦး သေဆုံးကာ တဦး အရှင်ဖမ်းဆီး ရမိခဲ့ကြောင်း ဗမာအမျိုးသား တော်လှန်ရေးတပ်တော် (BNRA) က ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၁၀ နာရီ အချိန်တွင် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး နှစ်နာရီကြာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း BNRA သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ ကိုဆျာန်က ဆိုသည်။

“ရဲဘော်တွေက ကုန်းအမြင့် တခုမှာ ကြိုတင်နေရာယူထားပြီး ကွင်းပြင်ကို ဖြတ်လာတဲ့ ရန်သူ့စစ်ကြောင်းကို ထိပ်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ရန်သူ့တပ်က အဆင်သင့်မဖြစ်သေးတဲ့ အချိန်မှာ တိုက်ခိုက်နိုင်ခဲ့တဲ့အတွက် စစ်သားသေဆုံးမှုတွေ များခဲ့တာ ဖြစ်တယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်သားတဦး စစ်သုံ့ပန်းအဖြစ် အရှင်ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးမေးမြန်းမှုပြုလုပ်ခဲ့ရာ ၎င်းကြုံတွေ့ခဲ့ရသည့် တိုက်ပွဲအတွင်း အခြေအနေ ထွက်ဆိုချက်များကို BNRA တပ်ဖွဲ့က မဇ္စျိမကို အခုလိုပြောပြသည်။

“ မြေမြုပ်မိုင်း ကြောက်တဲ့အတွက် ယာခင်းကွင်ပြင်လို နေရာမျိုးကနေ စွန့်ပြီး တိုးလိုက်တဲ့အချိန် မထင်မှတ်ဘဲ တိုက်ခိုက်ခံခဲ့ရတာ ဖြစ်တယ်။ စစ်သား ၂၂ ဦးသေဆုံးပြီး ၁၄ ဦးလောက် ဒဏ်ရာရသွားတဲ့ အချိန် လေကြောင်းပစ်ကူခေါ်ပြီး ပြန်ဆုတ်ဖို့ လုပ်တယ်။ တပ်က ကစဉ်ကလျား ဖြစ်ပြီး ပြေးမိပြေးရာတွေ ထွက်ပြေးကြတဲ့အချိန် ကျနော်က PDF တွေနဲ့ တန်းတိုးပြီး ဖမ်းဆီးခံရတာ ဖြစ်တယ်” ဟု စစ်သုံ့ပန်းရဲ့ ထွက်ဆိုချက်ကို BNRA မှ တဆင့်သိရသည်။

စစ်ကောင်စီတပ် စစ်ကြောင်းသည် တပ်မ(၇၇) လက်အောက်ခံ တပ်ရင်းများ ဖြစ်သည့် ခလရ(၇၂၃) နှင့် ခမရ( ၇၀၂ )ပူးပေါင်း စစ်ကြောင်းဖြစ်ပြီး အင်အား ၈၀ ပါရှိကြောင်း စစ်သုံ့ပန်း၏ ထွက်ဆိုချက်ကို BNRA တပ်မှ တဆင့် သိရသည်။

အဆိုပါ တိုက်ပွဲတွင် ဗမာအမျိုးသားတော်လှန်ရေးတပ်တော်(BNRA) မှ တပ်ခွဲမှူး ကောင်းကင် လက်နက်ကြီးကျည် အစ ထိမှန် ကျဆုံးခဲ့ပြီး ၊ စစ်ကောင်စီတပ်၏ လေကြောင်း ပစ်ခတ်မှုကြောင့် နေအိမ်တလုံး နှင့် ဘုန်းကြီး ကျောင်းဆောင် တခု ပျက်စီးခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်းကို သုံ့ပန်းဥပဒေနှင့် အညီထားရှိထားပြီး ပထမဆုံး ဖမ်းမိသည့် စစ်သုံ့ပန်း ဖြစ်သည့်အတွက် စီစဉ်ဆောင်ရွက်ပေးရမည့်အပိုင်းကို စစ်ဦးစီး တာဝန်ရှိသူများ နှင့် မြေပြင်ရဲဘော်များ ဆွေးနွေးနေဆဲ ဖြစ်ကြောင်းသိရသည်။

မြကုန်းကျေးရွာအနီး တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်စစ်ကြောင်းသည် ပုလဲမြို့အတွင်းသို့ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။ ၎င်း စစ်ကြောင်းကြောင့် ပုလဲမြို့အနီးရှိ မြကုန်း နှင့် ကုက္ကိုလ်ကုန်း ကျေးရွာများမှ ဒေသခံများ စစ်ရှောင်နေရကြောင်း သိရသည်။

ဗမာအမျိုးသားတော်လှန်ရေး တပ်မတော်( BNRA) သည် ဖေဖော်ဝါရီ ၂ ရက်နေ့တွင်လည်း ပုလဲမြို့နယ် ဇီးဖြူကုန်း ပျူစခန်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲများ ဆက်လက်ဖော်ဆောင်နိုင်ရေးအတွက် အိုးစားဖက် ကမ်ပိန်း ပြုလုပ်နေပြီး မိဘပြည်သူများ အနေဖြင့် ပါဝင်ပေးကြရန် မေတ္တာရပ်ခံထားသည်။

စာတည်း – သန့်ဇော်(သန်လျင်)