မန်ယူအသင်းရဲ့ ရှော ရာသီကုန်အထိ လွဲချော်နိုင်

By PKThawn

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဘယ်နောက်ခံလူ လုခ်ရှောဟာ တံကောက်ကြောဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့တဲ့အအတွက် သူရဲ့ ဘောလုံးရာသီဟာ ကုန်ဆုံးသွားနိုင်ဖွယ်ရှိပါတယ်။

အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ တနင်္ဂနွေနေ့က လူတန်ကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ပထမပိုင်းမပြီးခင်လေးတင် ထော့နဲ့ထော့နဲ့ဖြင့် ကွင်းတွင်းက ထွက်ခွာသွားခဲ့တာပါ။

အသက် ၂၈ နှစ် ကစားသမားဟာ အခုချိန်မှာ ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် အင်္ဂလန်အသင်းမှာ သူ့ရဲ့ကြံ့ခိုင်မှုကို သက်သေပြဖို့ အချိန်အကန့်အသတ်နဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။

“လုခ်ရှောဟာ ကြွက်သားဒဏ်ရာရရှိခဲ့ပြီး ကာလရှည်အနားယူသွားရမှာပါ”လို့ ယူနိုက်တက်က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

“ဒဏ်ရာပြင်းထန်မှုအဆင့်ကို ဆုံးဖြတ်ဖို့ နောက်ထပ်အကဲဖြတ်ဖို့ရာ လိုအပ်သေးပေမယ့် သူ့ကို လအနည်းငယ်ကြာ လက်လွတ်ရမယ်လို့ ကျနော်တို့ မျှော်လင့်ရပါတယ်။”

ရှောဟာ ဒဏ်ရာကြောင့် အနှောက်အယှက်ဖြစ်ရတဲ့ ဒီရာသီမှာ ပြိုင်ပွဲစုံ ၁၅ ပွဲသာကစားထားခဲ့ပြီး တလကြာလွဲချော်အပြီး ဇန်နဝါရီလမှာ ပြန်လာနိုင်ခဲ့တာပါ။

မာလာစီယာဟာ ဒဏ်ရာကြောင့် တရာသီလုံး အနားပေးယူနေရပြီး အငှားနဲ့ ခေါ်ယူထားတဲ့ ဆာဂျီယိုရီဂူလွန်ဟာလည်း တော့တင်ဟမ်ကို ဇန်နဝါရီလမှာ ပြန်သွားခဲ့တာကြောင့် ယူနိုက်တက်တို့ဟာ ဘယ်နောက်ခံနေရာအတွက် ပြဿနာရှိနေပါတယ်။

(AFP)