တောင်ကိုရီးယားကလပ် ဆိုးလ်အသင်းသို့ မန်ချက်စတာယူနိုက်တက် ကြယ်ပွင့်ဟောင်း လင်ဂတ် ပြောင်းရွှေ့

By PKThawn

တောင်ကိုရီးယားကလပ် FC ဆိုးလ်အတွက် ကြာသပတေးနေ့က လက်မှတ်ရေးထိုးခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်နဲ့ အင်္ဂလန်ကွင်းလယ်ကစားသမားဟောင်း ဂျက်ဆီလင်ဂတ်က “ဘောလုံးပြန်ကစားရတဲ့ ပျော်ရွှင်မှု”ကို သူ တောင့်တခဲ့တယ်လို့ ပြောပါတယ်။

အသက် ၃၁ နှစ်အရွယ် အဆိုပါကစားသမားဟာ ပြီးခဲ့တဲ့နွေရာသီက သူ့ရဲ့ စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ နော်တင်ဟမ်ဖောရက်စ်ကနေ ထွက်ခွာခဲ့ပြီးကတည်းက အသင်းလက်မဲ့နေခဲ့တာပါ။

၂၀၂၂ က အိုးထရက်ဖို့ဒ်ကနေ မထွက်ခွာခင် ယူနိုက်တက်မှာ ၂၂ နှစ်ကြာ ရှိနေခဲ့သူ လင်ဂတ်က ဆိုးလ်ကို ရောက်ရှိလာတာက စိန်ခေါ်မှုအသစ်ဖြစ်ပြီး သူဟာ “ဒါကို လက်ခံဖို့ အဆင်သင့်ဖြစ်နေခဲ့”တယ်လို့ ပြောပါတယ်။

“ဒါဟာ ကျနော့်အတွက် အသစ်တခု စတင်ခြင်းပါ၊ ကျနော့် အသက်မွေးဝမ်းကြောင်းအတွက် ကဏ္ဍသစ်တခုပါ”လို့ လေဆိပ်မှာ ပရိသတ်တွေက ကြိုဆိုနှုတ်ဆက်အပြီး သူက သတင်းစာရှင်းလင်းပွဲတခုမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“ကျနော်က နောက်တကြိမ် ဘောလုံးကစားရတဲ့ ပျော်ရွှင်မှုကိုသာ လိုလားမိတယ်၊ လူတွေရဲ့ မျက်နှာတွေပေါ်မှာ အပျော်တွေပေးပြီး ကျနော်ဘာလုပ်နိုင်တယ်ဆိုတာ ကိုရီးယားပရိသတ်တွေကို ပြချင်ပါတယ်”

လင်ဂတ်က သူဟာ “ကမ်းလှမ်းမှုများစွာ” ရရှိခဲ့ပေမယ့် သူတို့ဆီက “နှုတ်အားဖြင့်သာ” ဖြစ်ကြပြီး ဆိုးလ်အသင်းက သူ့ကို ခေါ်ယူဖို့ ကတိကဝတ်ပြုထားခဲ့တာကြောင့် ဒီနေရာကို ရောက်ရှိလာတာဖြစ်တယ်လို့ ပြောပါတယ်။

လင်ဂတ်ဟာ ဖောရက်စ်အတွက် ပြိုင်ပွဲအရပ်ရပ်မှာ ပွဲ ၂၀ သာကစားခဲ့ပြီး ၂၀၂၃ မှာ ၄ ပွဲသာ ပါဝင်ကစားခဲ့ပါတယ်။

ဆိုးလ်အသင်းနဲ့ သဘောတူညီမှုအတွက် ညှိနှိုင်းဖို့ “နှစ်ရက်၊ သုံးရက်” အချိန်ယူခဲ့ရတယ်လို့ သူက ဆိုပါတယ်။

ကလပ်အသင်းဘက်က သူ့ရဲ့ စာချုပ်သက်တမ်းကို ထုတ်ဖော်ပြောကြားတာမရှိပေမယ့် သတင်းတွေအရ နှစ်နှစ် စာချုပ်ဖြစ်တယ်လို့ သိရပါတယ်။

၁၂ သင်းပါဝင်တဲ့ ဇယားမှာ ပြီးခဲ့တဲ့ရာသီက အဆင့် (၇)နဲ့ ပြီးဆုံးခဲ့တဲ့ ဆိုးလ်အသင်းက “K-League ရဲ့ ၄၁ နှစ်သမိုင်းတလျှောက် တန်ဖိုးအကြီးဆုံးကစားသမား”ကို လက်မှတ်ရေးထိုးခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

လင်ဂတ်ဟာ ၂၀၁၆ FA ဖလားဗိုလ်လုပွဲမှာ မန်ယူအသင်းအတွက် အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ပေမယ့် မကြာခဏဆိုသလို အသင်းမှာ ပုံမှန်နေရာရဖို့ ရုန်းကန်ခဲ့ရပါတယ်။

အင်္ဂလန်အသင်းအတွက် ၃၂ ပွဲကစားပြီး ၆ ဂိုး သွင်းယူခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းမှာ ပါဝင်ခဲ့ပါတယ်။

လင်ဂတ်ဟာ မတ်လ ၁ ရက်နေ့မှာ စတင်မယ့် K-League ရာသီသစ်မတိုင်ခင် ဂျပန်မှာ ဆိုးလ်အသင်းရဲ့ လေ့ကျင့်ရေးစခန်းမှာ ပူးပေါင်းမှာဖြစ်ပါတယ်။

Ref; AFP