မင်းတပ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် လူနေအိမ်အချို့ပျက်စီး

ပုံအညွှန်း။ ​။ မင်းတပ်မြို့ပေါ်မြင်ကွင်း/ ဓာတ်ပုံ။ ။ HKL mindat

ပုံအညွှန်း။ ​။ မင်းတပ်မြို့ပေါ်မြင်ကွင်း/ ဓာတ်ပုံ။ ။ HKL mindat

ကိုခင်မောင်

(မဇ္စျိမ)။ ။ ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်နယ်တွင် စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သော ဟောင်ဝေဇာလက်နက်ကြီးထိမှန်ပြီး ဒေသခံတဦးခြေထောက်တွင် ထိခိုက်ဒဏ်ရာရှိကာ လူနေအိမ်နှစ်လုံးပျက်စီးသွားကြောင်း မင်းတပ်ဒေသခံများထံမှ သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၂၁ရက် နေ့လယ် ၁၁နာရီအချိန်ခန့်တွင် မင်းတပ်မြို့ပေါ် ခလရ (၂၇၄) တပ်ရင်းမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာများဘက်သို့ ၁၂၀ မမ ဟောင်ဝေဇာလက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့ရာ မင်းတပ်မြို့နယ် တိုက်နယ် (၃)ရှိ ငရှောင်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတဦးမှ မဇ္စျိမအားပြောသည်။

“ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ နှစ်ကြိမ်ပစ်ခတ်တာပါ၊ လူနေအိမ်နှစ်လုံးပျက်စီးတယ်။ ခြေထောက်ထိ ဒဏ်ရာရသူကတော့ ဆေးကုသမှုခံယူနေပါတယ်။ ဒဏ်ရာကိုတော့ ချုပ်လိုက်တယ်။” ဟု မင်းတပ်ဒေသခံမှ ပြောသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၄၀နှစ်အရွယ်အမျိုးသားတဦး ညာဘက်ခြေထောက်တွင် ထိခိုက်ဒဏ်ရာရရှိသွားပြီး အသက်အန္တရာယ်မစိုးရိမ်ရကြောင်း ၎င်းဒေသခံထံမှသိရသည်။

မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီတပ်မှ လုံခြုံရေးအင်းအားတိုးချဲ့ချထားပြီး အနောက်ရပ်ကွက် လေးမိုင်နားက လူမနေသော နေအိမ်များကို အိမ်တံခါးများဖျက်ပြီး အတွင်းရှိပစ္စည်းများလည်း ခိုးယူသွားကြောင်း ဒေသခံက ဆိုသည်။

“စစ်ကောင်စီက မင်းတပ်မြို့ပေါ်မှာ နည်းနည်းလှုပ်ရှားတာတော့ရှိတယ်။မနေ့ညက မင်းတပ်မြို့ရဲ့အနောက်ဘက် တက္ကသိုလ်ကုန်းဘက်ကို စကစ ၁၀၀ လောက်ထွက်လာတယ်၊ ပြီးတော့ ပြန်ဝင်သွားတယ်ပေါ့နော်။ သေနတ်ပစ်ဖောက်တာတွေရှိတယ်၊ ဒေသခံတချို့ဖမ်းဆီးခံရတယ်လို့ကြားတယ်။သူတို့ဖမ်းသွားတဲ့သူတွေလည်း လုံခြုံရေးအကြောင်းပြပြီးဖမ်းတဲ့ပုံစံပဲ။ ဘယ်လောက်ဖမ်းဆီးလဲဆိုတာ စုံစမ်းနေဆဲပါ။ မင်းတပ်မြို့မှာ လေးရပ်ကွက်ရှိတာ ။ အဲ့မှာတရပ်ကွက်ကို အယောက် ၇၀ စစ်မှုထမ်းရမယ် အဲလို လော်စပီကာနဲ့ လိုက်လံအော်တာလည်းလုပ်တယ်။ တကယ့်တကယ် စုဆောင်းတယ်၊ သင်တန်းပေးတယ်၊ ဖမ်းတယ်ဆီးတယ်ဆိုတာတော့ မကြားရသေးဘူးဗျ။” ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးမှ မဇ္စျိမအားပြောသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၁၈ရက်တွင် မင်းတပ်မြို့ပေါ်ရှိ စံပြရပ်ကွက်၊ အနောက်ရပ်ကွက်၊ အရှေ့ပြင်ရပ်ကွက်၊ ဘဝသစ်ရပ်ကွက်တို့တွင် စစ်မှုထမ်းရန် တရပ်ကွက်လျှင် အမျိုးသား ၇၀ ဦး၊ အမျိုးသမီး ၄၅ ဦး ပါဝင်ရမည်ဟု စစ်ကောင်စီတပ်မှ လော်စပီကာဖြင့်လိုက်လံပြောဆိုသွားကြောင်း ၎င်းတာဝန်ရှိသူထံမှ သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် မင်းတပ်မြို့တွင်းကင်းပုန်းများ နေရာစိပ်ပြီး ခလ၇ (၂၇၄)တပ်ရင်းနှင့်ရဲစခန်း၊ မြို့ထဲဂိတ်များတွင် ဘန်ကာများ၊ အခိုင်အမာပြင်ဆင်နေကြသကဲ့သို့ မတူပီမြို့မှလည်း စစ်ကောင်စီတပ်သား ၁၀၀ ခန့်ကို မင်းတပ်သို့ စစ်ရဟတ်ယာဥ်ဖြင့် ပို့ဆောင်ခဲ့သေးကြောင်း မင်းတပ်ဒေသခံတဦးထံမှသိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)