ကျိုက်မရောအကျဉ်းထောင်တွင် ဆေးကုသခွင့် လုံလောက်စွာ မရသည့် နိုင်ကျဉ်း သေဆုံး

ဂျူချန်း

(မဇ္ဈိမ)။ ။ ကျိုက်မရော ဗဟိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားတဦး လုံလောက်စွာ ဆေးကုသခွင့် မရရှိသဖြင့် သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) တာဝန်ရှိသူထံက သိရသည်။

သေဆုံးသူသည် အသက် ၄၃ နှစ်အရွယ် ကိုရာရှင်(ခ) ကိုဟာရှင် ဖြစ်ပြီး ပုဒ်မ ၅၄၊ ၅၂(က) တို့ဖြင့် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကျိုက်မရော ဗဟိုအကျဉ်းထောင်တွင် ထောင်ဒဏ်တသက် ချမှတ်ခံထားရသူဖြစ်ကြောင်း သိရသည်။

၎င်းသည် စစ်ကြောရေးတွင် ရရှိခဲ့သည့် ဒဏ်ရာများကြောင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလက စတင်ကာ ကျန်းမာရေး ပိုမိုဆိုးရွားလာခဲ့သော်လည်း ပြင်ပဆေးရုံသို့ အချိန်မီ ပို့ဆောင်မပေးဘဲ ဆေးဝါးမပြည့်စုံသည့် ထောင်တွင်းဆေးရုံ၌သာ ဆေးကုသခဲ့ရကြောင်း သိရသည်။

“သေဆုံးသူမှာ ရောဂါအခံမရှိဘူး။ စစ်ကြောရေးမှာတုန်းက အတွင်းကြေဒဏ်ရာတွေတော်တော်များများ ရခဲ့တယ်။ ဦးခေါင်းမှာရော ရင်ဘတ်နဲ့ ဗိုက်တစ်ဝိုက်မှာလည်း ရတယ်။ လွန်ခဲ့တဲ့ ၁၁ ပိုင်းမှာ မသက်သာလို့ ထောင်ဆေးရုံမှာ မသက်သာလို့ ခဏခဏ သွားပြရတယ်။ သူသေဆုံးသွားတော့ စစ်ကြောရေးက နှိပ်စက်လိုက်တဲ့ ဒဏ်အပြင် အူတွေမကောင်းတာ၊ အတွင်းကလီစာတွေ ကြေမွသွားတယ်လို့ ပြောတယ်။ ဆရာဝန်တွေရဲ့ ဆေးမှတ်ချက်မှာ ဘယ်လိုပြောမလဲတော့ မသိရဘူး” ဟု နိုင်ငံရေးအကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

၎င်း မသေဆုံးခင် တရက်အလို ဇန်နဝါရီ ၁၁ ရက်နေ့တွင်မှသာ အရေးပေါ်ဆေးကုသမှုပေးရန် ပြင်ပဆေးရုံသို့ ပို့ဆောင်ခွင့်ရခဲ့ပြီး နောက်တရက် ဇန်နဝါရီ ၁၂ ရက်နေ့တွင် သေဆုံးခဲ့ရကြောင်း သိရသည်။

PPNM ကောက်ယူထားသည့် အချက်အလက်အရ ၂၀၂၃ ခုနှစ်အတွင်း လုံလောက်စွာ ဆေးကုသခွင့် မရရှိသဖြင့် နိုင်ငံရေး အကျဉ်းသား၊ အကျဉ်းသူ ၁၇ ဦး အကျဉ်းထောင်တွင် သေဆုံးခဲ့ရကြောင်း သိရသည်။

ထောင်ဆေးရုံများသည် ကျန်းမာရေးမကောင်းသည့် လူနာများကို ကုသမှုပေးပြီး အသက်ကယ်တင်ရမည့်‌ နေရာဖြစ်မနေဘဲ အကျဉ်းသားများမသေဆုံးခင်ထားသည့် နေရာများသာဖြစ်နေပါသည်။ ထို့ကြောင့် ထောင်ဆေးရုံများသည် လူသတ်ကွင်းများသာဖြစ်နေပြီး အကျဉ်းသားများကို တဖက်လက်ဖြင့် သတ်ဖြတ်နေခြင်းသာဖြစ်ပါသည် ဟု PPNM က ထုတ်ပြန်ထားသည်။

ကျိုက်မရော အကျဉ်းထောင်တွင် နိုင်ငံရေး အကျဉ်းသူ၊ အကျဉ်းသားပေါင်း ၄၀၀ ကျော်ရှိပြီး အကျဉ်းထောင်တွင် ထောင်ဝင်စာတွေ့ခွင့် ကန့်သတ်ခြင်း၊ ထောင်ဝင်စာ ပါဆယ်ပို့ခွင့်တွင် နိုင်ငံခြားဆေးဝါး ပို့ခွင့်ကို ကန့်သတ်ထားခြင်း၊ ထောင်တွင်း ဆေးရုံတွင် ဆေးဝါးကုသခွင့် လုံလောက်စွာ မရရှိခြင်း စသည့် ကန့်သတ်ချက်များရှိကြောင်း နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်သူများထံက သိရှိရသည်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် လွှတ်တော်အမတ်များနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ စုစုပေါင်း ၂၅,၇၉၉ ဦးကို ဖမ်းဆီးခဲ့ပြီး ၁၉,၉၁၁ ဦးမှာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ ၈၄၇၄ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP မှ ဇန်နဝါရီ ၁၂ ရက်နေ့တွင် ဖော်ပြထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး