မတ္တရာအရှေ့ခြမ်းကို စစ်ကောင်စီတပ်ကစစ်ကြောင်ထိုးပြီး အရပ်သား ၅ ဦးကို သတ်ဖြတ်

တယ်လီဂရမ်ချန်နယ်များတွင်ဖော်ပြထားသည့် ဖမ်းဆီးရမိသည်ဆိုသော လက်နက်များ

007

(မဇ္ဈိမ)။ ။မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းကို စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးပြီး အရပ်သား ငါးဦးကို သတ်ဖြတ်သွားကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့နံနက်ပိုင်းက မတ္တရာမြို့နယ်အရှေ့ခြမ်းရှိ စကားပင်နှင့် ကြပ်ပြင်ကျေးရွာတို့ကို အင်အား ၅၀ ခန့်ပါ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး စကားပင်ကျေးရွာမြောက်ဘက်ရှိ ကာကွယ်ရေးတပ်စခန်းတခုကို အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ပြီးနောက် စစ်ကြောင်းပြန်ထွက်စဉ် ဒေသခံငါးဦးကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“စကစစစ်ကြောင်းတခုက PDF စခန်းကိုအလစ်ဝင်တိုက်တယ်၊ အဲဒီမှာ PDF သုံးယောက်ကျတယ်၊ အပြန်မှာ အဲဒီစခန်းနားတွေ့တဲ့သူတွေကိုပါ ပစ်သတ်သွားတာ။ အားလုံးပေါင်း ရှစ်ယောက်၊ PDF က သုံး ယောက်၊ ရွာသားက ငါးယောက်” ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။

“စခန်းတခုဝင်စီးခံရတယ်လို့ ကျွန်တော်တို့လည်းကြားတယ်။ ကျွန်တော်တို့အဖွဲ့ကတော့ မဟုတ်ဘူး။ စကစ ပစ်သတ်သွားတဲ့အထဲမှာ အသက်မပြည့်သေးတဲ့ ကလေးသုံးယောက်နဲ့ လူကြီးနှစ်ယောက်ပါတယ် လို့ သတင်းရထားတယ်” ဟု မတ္တရာဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လက်ရှိအချိန်ထိ တစုံတရာ သတင်း ထုတ်ပြန်မှု မရှိသေးပေ။

စစ်ကောင်စီထောက်ခံသူ တယ်လီဂရမ်ချန်နယ်တွင်မူ PDF စခန်းအားဝင်စီးပြီး PDF ရှစ်ဦးကို အသေဖမ်း ဆီးနိုင်ခဲ့ကာ လက်နက်ခဲယမ်းအချို့ရရှိခဲ့သည်ဟုဖော်ပြထားပြီး မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင် ခြင်း မရှိသေးပေ။

လက်ရှိတွင် မတ္တရာမြို့နယ် အရှေ့ခြမ်းနှင့် အနောက်ခြမ်းကျေးရွာများအား စစ်ကောင်စီတပ်ကစစ် ကြောင်းထိုးနေသဖြင့် ထွက်ပြေးနေရသည်ဟု ဒေသခံများက ပြောသည်။

မတ္တရာမြို့ပေါ်၌ အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့သည် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကလည်း မတ္တရာအနောက်ခြမ်းကျေးရွာများသို့ အင်အား ၁၀၀ ခန့်ဖြင့်စစ်ကြောင်းထိုးပြီး အောက်တောင်ကိုင်း ကျေးရွာမှ အသက် ၃၀ ဝန်းကျင်အရွယ် အရပ်သားအမျိုးသားနှစ်ဦးကို သတ်ဖြတ်သွားကြောင်း တော်လှန် ရေးအင်အားစုများက သတင်းထုတ်ပြန်ထားသည်။

စာတည်း။ ။စောဖေ