ခါမ်းပါတ်မြို့ကို စစ်ကောင်စီတပ်ဦးတည်လာနေ၍ တိုက်ပွဲများပြန်လည် ဖြစ်ပွားနိုင်

ပါခွီး(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ တမူးခရိုင် ၊ ခါမ်းပါတ်မြို့ကို စစ်ကောင်စီတပ်မှ ဦးတည်လာနေသဖြင့် တိုက်ပွဲများပြန်လည်ဖြစ်ပွားလာနိုင်ကြောင်း တမူးခရိုင် အုပ်ချုပ်ရေးအဖွဲ့ဝင်က ပြောသည်။

ကလေးမြို့မှ အင်အား၂၀၀ခန့်ရှိ စစ်ကြောင်းနှစ်ကြောင်းဖြင့် ခါမ်းပါတ်မြို့ဖက်ကို ဒီဇင်ဘာလ၂ရက်မှ စတင်တက်လာနေခြင်းဖြစ်ပြီး ဒီဇင်ဘာ ၄ရက်နေ့တွင် စော်ဘွားရေရှင်ကျေးရွာအရှေ့ ၊ လက်ဆေးကန်ဘက်သို့ ရောက်ရှိ နေပြီဖြစ်ကြောင်း ဆိုသည်။

“အခုလတ်တလော ဘယ်နေရာကိုရောက်နေတယ်ဆိုတာ အတိအကျပြောလို့မရပေမဲ့ ခါမ်းပါတ်နဲ့ နီးလာနေပြီဆိုတာတော့ သိရတယ် ၊ တိုက်ပွဲက အချိန်မရွေးပြန်ဖြစ်နိုင်တဲ့ အနေအထားပါ” ဟု ၎င်းကဆိုသည်။

စစ်ကောင်စီတပ်များကို ပြန်လည်ခုခံတိုက်ခိုက်ရန် တမူးခရိုင်တပ်ရင်းနှင့် ဒေသခံ တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များက အသင့်ပြင်ဆင်ထားလျက်ရှိကြောင်းသိရသည်။

ခါမ်းပါတ်မြို့အတွင်းရှိဒေသခံများကို ရှောင်တိမ်းကြရန် တရားဝင်ထုတ်ပြန်အသိပေးမှုများမရှိသော်လည်း အချို့မှာ နီးစပ်ရာသို့ ရှောင်တိမ်းနေကြကြောင်းအုပ်ချုပ်ရေးအဖွဲ့ဝင်က ဆက်ပြောသည်။

ခါမ်းပါတ်မြို့အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းကို ဒီဇင်ဘာလ ၄ ရက်ည ပိုင်းက ကာကွယ်ရေးတပ်ဖွဲ့များက ဖျက်ဆီးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များအရ သိရသည်။

ခါမ်းပါတ်မြို့ကို နိုဝင်ဘာလ ၃ရက်နေ့မှ စတင်ထိုးစစ်ဆင်ခဲ့ပြီး နိုဝင်ဘာ ၇ရက်နေ့ တွင် မြို့ကို အပြီးသတ်ကာကွယ်ရေးတပ်ဖွဲ့များက သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

၎င်းမြို့ရှိ တပ်စခန်းကို တိုက်ခိုက်ချိန်တွင် စစ်ကောင်စီတပ်သားများနှင့် မိသားစုများအပါဝင် လူဦးရေ ၅၀ကျော်သည် စခန်းကိုစွန့်ခွာ၍ အိန္ဒိယနိုင်ငံအတွင်းသို့ ဝင်ရောက်ခိုလှုံခဲ့ကြကြောင်း သိရသည်။

ခါမ်းပါတ်မြို့သည် အိန္ဒိယ – မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် အရေးပါသော တမူး – ကလေး ကားလမ်းမပေါ်တွင်တည်ရှိပြီး လူဦးရေ ၅,၀၀၀ကျော် နေထိုင်ခဲ့ကြောင်း သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)