စစ်ကောင်စီကျင်းပသည့် ချင်းအမျိုးသားနေ့အခမ်းအနား လုံခြုံရေးစိတ်မချ၍ ဟားခါးဗျူဟာ၌ ပြုလုပ်

မဇ္ဈိမ။ ။စစ်ကောင်စီဝန်ကြီးအချို့တက်ရောက်ခဲ့ပြီးချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီကဦးစီးကျင်းပခဲ့သည့် (၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို လုံခြုံရေးအခြေနေအရ ဟားခါးစစ်ဗျူဟာဘောလုံးကွင်းထဲ၌သာ ကျင်းပခဲ့ကြောင်းသိရသည်။

ဖေ‌ဖော်ဝါရီလ ၂၀ရက် နံနက်က ကျင်းပခဲ့သည့် ချင်းအမျိုးသားနေ့အခမ်းအနားကို လုံခြုံရေးထူထပ်စွာချထားပြီး စစ်ကောင်စီဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၊ ချင်း ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးအချို့တက်ရောက်ခဲ့ကြသည်။

‘’ချင်းအမျိုးသားနေ့ကိုကျင်းပလာတာကြာပြီ။ တခါမှစစ်တပ်ထဲမှာလုပ်တာမရှိဘူး။အခုတော့အပြင်မှာ မလုပ်ရဲတော့ တပ်ထဲမှာပဲလုပ်ရတဲ့သဘောဖြစ်တာပေါ့” ဟု ဟားခါးဒေသခံတဦး ကဆိုသည်။

အဆိုပါအခမ်းအနားအတွက် သင်းအုပ်ဆရာများအား ဖိတ်ကြားခဲ့ရာတွင်လည်း စစ်ကောင်စီတာဝန်ရှိသူများသည် လေးစားမှုမရှိခဲ့ဟု ၎င်းက ပြောသည်။

“ဝမ်းနည်းဖို့ကောင်းတာက ဘာသာရေးဆရာတော်တွေ ဖိတ်တာပေါ့နော် ။အရင်ကဆိုရင်လေးလေးစားစားဖိတ်ကြတာလေ။အခုတော့ ဟားခါးမှာကျန်ရစ်ခဲ့တဲ့ အသင်းတော်က ပါစ္စတာ(သင်းအုပ်ဆရာ)တွေကို နာမည်တပ်ပြီးလာခဲ့ဆိုပြီးခေါ်တာ။ ဖိတ်တာမဟုတ်ဘူး။မြို့ထဲမှာရှိတဲ့သူ တွေကတော့ ခေါ်ရင်တော့လည်းသွားရတာပေါ့”ဟု ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့သည် လုံခြုံရေးကိုအထူးအလေးထားခဲ့ပြီး တင်းတင်းကျပ်ကျပ်စစ်ဆေးခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားကို ဟားခါးတပ်နယ်အားကစားကွင်း၌ ကျင်းပခဲ့သည်ဟု စစ်ကောင်စီလက်အောက်ခံမီဒီယာအချို့က ယနေ့ ထုတ်ပြန်ထားသည်။

ချင်းပြည်နယ်တွင် ချင်းအမျိုးသားနေ့ အခမ်းအနားကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မကျင်းပနိုင်ခဲ့ဘဲ ယခုနှစ်၌ ပြန်လည်ကျင်းပခြင်းဖြစ်သည်။

အစဉ်အလာကြီးမားသည့် ချင်းအမျိုးသားနေ့ကို ချင်းလူမျိုးများက ၎င်းတို့ရောက်ရှိနေသည့်နေရာဒေသအသီးသီးနှင့် နိုင်ငံအသီးသီးတွင်စည်းကားသိုက်မြိုက်စွာကျင်းပကြသည်။ဖေဖော်ဝါရီလ ၂၀ရက်နေ့က ကျရောက်ခဲ့သည့်(၇၆) နှစ်မြောက်ချင်းအမျိုးသားနေ့ကို အိန္ဒိယနိုင်ငံ၊နယူးဒေလီမြို့၌လည်း ချင်းအရပ်ဖက်အဖွဲ့များက ကျင်းပခဲ့ပြီး စစ်အာဏာရှင်ဖြုတ်ချရေး ပိုမိုအားထုတ်မည်ဟု ချင်းလူငယ်များကထုတ်ဖော်ပြောကြားခဲ့သည်။

စစ်အာဏာရှင်စနစ်ဖြုတ်ချရေးတွင် လူငယ်များ ပူးပေါင်းပါဝင်လာကြရန်လည်း ချင်းအမျိုးသားတပ်ဦး(CNF) က (၇၆) နှစ်မြောက်ချင်းအမျိုးသားနေ့ထုတ်ပြန်ချက်၌ တိုက်တွန်းခဲ့သည်။

စာတည်း – အေးချမ်း