အဆိုးဆုံးအခြေအနေရောက်လာတဲ့ စစ်ကောင်စီလက်ထက် မြန်မာပြည်

ဓားရိုင်း

စစ်အာဏာသိမ်းမှုသုံးနှစ်ပြည့်ချိန်မှာ စစ်ကောင်စီခေါင်းဆောင်ကတော့ နိုင်ငံတည်ငြိမ်အေးချမ်းပြီးလူမှုစီးပွားဘဝ တွေ တိုးတက်အောင်ရည်မှန်းချက်ထားကာ လုပ်ဆောင်နေတယ်လို့ပြောခဲ့ပေမယ့် လက်တွေ့အခြေအနေတွေမှာ တော့ ဗြောင်းဆန်နေခဲ့တာဖြစ်ပါတယ်။ သုံးနှစ်အတွင်းမှာ တိုင်းပြည်ရဲ့ရလဒ်တွေဟာ ကမ္ဘာ့အဆိုးဆုံးအဆင့်တွေ ကိုရောက်လာခဲ့တာတွေ့ရပါတယ်။ စစ်ကောင်စီတပ်တွေနဲ့ စစ်ဘေး စစ်ဒဏ်ကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရ သူဦးရေတွေ၊ လူသားချင်းစာနာမှုနဲ့ အငတ်ဘေးကြုံနေရတာတွေ၊ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်ထောင် ချမှုတွေ၊ သတင်းလွတ်လပ်ခွင့်ဆုံးရှုံးမှုတွေ၊ မလွတ်လပ်မှုတွေ၊ စီးပွားရေးကျဆင်းနေမှုတွေနဲ့ အကျင့်ပျက်ချစားမှု တွေဟာ အဆိုးဆုံးအခြေအနေအထိ ရောက်နေခဲ့တာဖြစ်ပါတယ်။ ကုန်ကုန်ပြောရရင် လွတ်လပ်စွာကိုးကွယ်ယုံ ကြည်မှုတွေအထိ ထိခိုက်လာနေတာဖြစ်ပါတယ်။ ဒါတွေအားလုံးရဲ့အစဟာ စစ်ကောင်စီအာဏာသိမ်းတာကနေ စတင်ခဲ့တာပါ။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်းက ပြည်သူတွေကို စစ်ကောင်စီရဲ့အကြမ်းဖက်စစ်ဆင်ရေးကြောင့် အရပ်သား အနည်းဆုံး ၄,၄၇၀ ကျော်သတ်ဖြတ်ခံခဲ့ပြီး လူပေါင်း ၂၅,၀၀၀ ကျော်အဖမ်းခံရကာ အရပ်သားနေအိမ် ၇၈,၀၀၀ ကျော် မီးရှို့ခံခဲ့ရတာဖြစ်ပါတယ်။ ဒီလုပ်ရပ်တွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေဦးရေမှာလည်း တစ်နေ့တစ်ခြားတိုးလာနေခဲ့တာဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁၀ ရက်ကနေ စတင်အသက်ဝင်ခဲ့တဲ့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ နေရပ်စွန့်ခွာသူတွေပိုများလာဦး မယ့် အခြေအနေလည်းရှိနေပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်အထိ နိုင်ငံတစ်ဝန်းက လူပေါင်း ၂ ဒသမ ၆၂၅ သန်းဟာ ပြည်တွင်း နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေဖြစ်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကဆိုထားပါတယ်။ အဲဒီထဲက ၂ ဒသမ ၃ သန်းဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော် ဝါရီလ နောက်ပိုင်းမှာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူတွေဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေအပြင် လူပေါင်း ၇၀,၀၀၀ ကျော်ဟာလည်း အိမ်နီးချင်းနိုင်ငံ တွေမှာ ဒုက္ခသည်အဖြစ် ခိုလှုံနေကြရတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်ရဲ့ မောင်းထုတ်ခံရပြီးနောက် ရိုဟင်ဂျာ ဒုက္ခသည် တစ်သန်းကျော်ဟာလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဆက်လက်ခိုလှုံနေရဆဲဖြစ်ပါတယ်။ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူတွေထဲက လူပေါင်း ၁၈ သန်းကျော်မှာ အကူအညီလိုအပ်နေပြီး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေနဲ့ရင်ဆိုင်နေခဲ့ရတာလည်းဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ဖော်ပြချက်အရဆိုရင် မြန်မာနိုင်ငံဟာ အာဖဂန်နစ္စတန်၊ ပါကစ္စတန်တို့နဲ့အတူ ကမ္ဘာ့အငတ်ဘေး ဗဟိုချက်မှာပါဝင်နေပြီး လူဦးရေ ၄ ပုံ ၁ ပုံဟာ စားနပ် ရိက္ခာမလုံလောက်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ပြောထားပါတယ်။ စားနပ်ရိက္ခာ မလုံလောက်မှုဟာ ခေတ်သစ်သမိုင်း

မှာ အဆိုးရွားဆုံး လူသားချင်းစာနာမှု အကျပ်အတည်းအတွင်း မြန်မာမှာ စားနပ်ရိက္ခာမလုံလောက်မှု သိသိသာသာ ဆိုးရွားလာပြီး လူ ၁၂ ဒသမ ၉ သန်း ဒါမှမဟုတ် လူလေးယောက်ကို တစ်ယောက်နှုန်းနဲ့ ထိခိုက်ခံစားနေရတာဖြစ် ပါတယ်။ ဒီကြားမှာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကလည်း စစ်ကောင်စီလက်ထက်မှာ ပိုမိုပြီးဆိုးရွာလာနေ ခဲ့တာပါ။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလစပြီး ပိုမိုဆိုးရွားလာ နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA)ရဲ့ ထုတ်ပြန်ချက်မှာလည်း ဖော်ပြ ထားတာတွေ့ရပါတယ်။ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပိုမိုပြင်းထန်လာတဲ့တိုက်ပွဲတွေကြောင့် အရပ် သားပြည်သူတွေ အစုလိုက်အပြုံလိုက်ပြောင်းရွှေ့နေထိုင်ရသလို မြန်မာစစ်ကောင်စီတပ်တွေဟာ စစ်မြေပြင်မှာ တစ်ဆင့်ပြီးတစ်ဆင့် ဆုတ်ယုတ်မှုတွေနဲ့ ကြုံနေရတဲ့အတွက် အရပ်သားနဲ့ လက်နက်ကိုင်ခွဲခြားတာမလုပ်နိုင်တော့ ဘဲ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေကို ပြင်းပြင်းထန်ထန်ပြုလုပ်လာတာကြောင့် အခြေအနေတွေပိုဆိုးလာခဲ့တာဖြစ်တယ်လို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk က သူ့ရဲ့အစီရင်ခံစာမှာ ပြောထားတာပါ။

ဒီလိုအဆိုးဘက်ကိုဦးတည်နေခဲ့တဲ့ စစ်ကောင်စီလက်ထက် မြန်မာပြည်ရဲ့အခြေအနေဟာ ကမ္ဘာ့ငြိမ်းချမ်းရေး အညွှန်းကိန်း ၂၀၂၃ အရ အာရှ-ပစိဖိတ်ဒေသတွင်း အန္တရာယ်အများဆုံး နိုင်ငံတွေမှာပါဝင်နေခဲ့ပြီး အဆင့် ၁၈ ရောက်လာခဲ့ကာ မြန်မာနိုင်ငံအောက်မှာ မြောက်ကိုရီးယားနိုင်ငံပဲ ရှိတော့တာဖြစ်ပါတယ်။ အဲဒါကြောင့်လည်း လက်ရှိအရှေ့တောင်အာရှမှာ မြန်မာနိုင်ငံကို အန္တရာယ်အများဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံထားရတာဖြစ်ပါတယ်။ ဒီလိုပဲ စစ်ကောင်စီလက်ထက်မှာ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ထောင်ချမှု အဆိုးရွားဆုံး နိုင်ငံအဖြစ်ရပ်တည်လာ ခဲ့တာတွေ့ရပါတယ်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ထောင်ချခံထားရသူ အမျိုးသမီး ၃,၇၈၀ ယောက် အပါ အဝင် နိုင်ငံရေးအကျဉ်းသား ၁၉,၉၉၃ ယောက်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ဖော်ပြထားပါတယ်။ အရင်စစ်အုပ်စုခေတ်ကတောင် နိုင်ငံရေးအကျဉ်းသား အရေအတွက်ဟာ ၄,၀၀၀ ထက်တောင်မပိုခဲ့ပါဘူး။ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ ရွေးကောက်ခံ ခေါင်းဆောင်တွေ၊ လူငယ်ကျောင်းသားတွေ၊ တရားမျှတမှု၊ လွတ်လပ်မှုနဲ့ လူ့အခွင့်အရေးအတွက်တိုက်ပွဲဝင်တဲ့ အမျိုးမျိုးသော အသက်မွေးဝမ်းကြောင်းကလူတွေကို ထောင်ချထားပြီး စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကို ကျူးလွန်နေခဲ့တာဖြစ်ပါတယ်။ အဲဒီလိုကျူးလွန်ခံရသူတွေထဲမှာ စစ်ကောင်စီခေါင်းဆောင်ကိုယ်တိုင် တစ်ချိန်ကပြောဖူးတဲ့ တိုင်းပြည်ရဲ့စတုတ္ထမဏ္ဍိုင်ဆိုတဲ့ သတင်းသမားတွေ တောင်မလွတ်ခဲ့ပါဘူး။ စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် လွတ်လပ်တဲ့မီဒီယာတွေကို ဆက်တိုက်ဖြိုခွဲနေ ခဲ့ပြီး သတင်းသမားတွေကို အဆက်မပြတ် ပစ်မှတ်ထားဖမ်းဆီးနေခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီလက်ထက်မှာ မြန်မာနိုင်ငံဟာ တရုတ်ပြီးရင် သတင်းသမားတွေကို ထောင်ချမှု ဒုတိယအများဆုံးနိုင်ငံဖြစ်လာခဲ့ပြီး ဂျာနယ်လစ်

များ ကာကွယ်စောင့်ရှောက်ရေးကော်မတီ(CPJ)ကထုတ်ပြန်တဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ စာရင်းအရဆိုရင် သတင်း သမား ၄၃ ယောက်အထိအဖမ်းခံရတယ်လို့သိရပါတယ်။

တရုတ်နိုင်ငံမှာ ထောင်ချထားတဲ့ သတင်းသမား ၄၄ ယောက်ရှိပြီး မြန်မာနိုင်ငံမှာ ၄၃ ယောက်ရှိကာ ဘယ်လာရုစ် မှာ ၂၈ ယောက်ရှိနေခဲ့ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်အထိ ကမ္ဘာတစ်ဝန်းမှာ သတင်းသမား ၃၂၀ ဖမ်းဆီးခံထားရ တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း သတင်းသမား စုစုပေါင်း ၁၉၂ ယောက် ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲက ၆၁ ယောက်ဟာ အဖမ်းခံထားရဆဲဖြစ်ပါတယ်။ စစ်ကောင်စီက မီဒီယာတွေကိုဖိနှိပ်မှု ကြောင့် မြန်မာနိုင်ငံဟာ ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းထောက်များအသင်းကပြုစုတဲ့ ကမ္ဘာ့သတင်း လွတ်လပ်ခွင့် အညွှန်းကိန်းမှာလည်း နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၇၃ ကိုရောက်နေခဲ့တာဖြစ်ပါတယ်။ အဆိုး ဆုံးကတော့ အကျင့်ပျက်ခြစားမှု အများဆုံးနိုင်ငံတွေမှာ မြန်မာနိုင်ငံလည်းတစ်ခုအပါအဝင်ဖြစ်လာတာပဲဖြစ်ပါ တယ်။ နိုင်ငံတကာပွင့်လင်းမြင်သာမှုအဖွဲ့(TI)က ပြုစုထားတဲ့ ၂၀၂၃ ခုနှစ် အကျင့်ပျက်ခြစားမှု အညွှန်းကိန်း(CPI) အရ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၆၂ ရောက်နေခဲ့တာဖြစ်ပါတယ်။ အာရှ-ပစိဖိတ်ဒေသအတွင်းရှိ အဆိုးရွားဆုံးနိုင်ငံတွေမှာ မြောက်ကိုရီးယားနဲ့ အပြိုင်ဖြစ်နေခဲ့တာလည်းဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် အကျင့်ပျက်ခြ စားမှု အညွှန်းကိန်းမှာတော့ အဆင့် ၁၅၇ ရှိခဲ့တာဖြစ်ပြီး စစ်တပ်က အာဏာမသိမ်းခင် အရပ်သားအစိုးရလက် ထက် ၂၀၂၀ ပြည့်နှစ်ကဆိုရင် အဆင့် ၁၃၇ သာရှိခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီအဖွဲ့ဝင် ဒုဗိုလ်ချုပ်ကြီး မိုးမြင့် ထွန်းနဲ့ အပေါင်းအပါတွေရဲ့ အဂတိအရှုပ်တော်ပုံတွေပေါ်ပေါက်ခဲ့ပြီး နောက် မြန်မာနိုင်ငံရဲ့အကျင့်ပျက်ခြစားမှု အညွှန်းကိန်းတွေ အခုလိုတက်သွားခဲ့တာလည်းဖြစ်ပါတယ်။ တစ်ချိန်က တိုင်းရင်းသားလူမျိုးစုတွေနဲ့အခြေတည် ပြီး ပြည်ထောင်စုနိုင်ငံအဖြစ် ဂုဏ်ယူဝင့်ကြွားပြခဲ့ဖူးတဲ့အခြေအနေဟာ လည်း အခုနောက်ပိုင်း ကမ္ဘာပေါ်မှာ ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်နေရတဲ့ နိုင်ငံတွေစာရင်းထဲ ဝင်လာခဲ့ တာဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင်(USCIRF)ရဲ့ နှစ်ပတ် လည်အစီရင်ခံစာမှာ မြန်မာနိုင်ငံ ကို ဘာသာရေးလွတ်လပ်ခွင့်အတွက် အထူးစိုးရိမ်ရတဲ့ နိုင်ငံတွေစာရင်းထဲကို ထည့်သွင်းထားခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီလက်ထက် အလွန်ဆိုးရွားလာတဲ့ ဘာသာရေးလွတ်လပ်ခွင့်ချိုး ဖောက်မှုတွေအတွက် မြန်မာနိုင်ငံကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်မှာ ဘာသာရေးလွတ်လပ်ခွင့်မရှိတဲ့နိုင်ငံအဖြစ် ပြန်လည်သတ်မှတ်ခဲ့တာတွေ့ရပါတယ်။ အဲဒီစာရင်းထဲမှာ တရုတ်၊ ကျူးဘား၊ အီရန်၊ မြောက်ကိုရီးယား၊ ဆီးရီးယား၊ အီရီထရီးယား၊ နီကာရာဂွာ၊ ပါကစ္စတန်၊ ရုရှား၊ ဆော်ဒီအာ ရေးဗီးယား၊ တာဂျီကစ္စတန်နဲ့ တာ့ခ်မန်နစ္စတန်တို့လည်း ပါဝင်နေတာဖြစ်ပါတယ်။ ဒါတွေကိုကြည့်မယ်ဆိုရင်

စစ်ကောင်စီလက်ထက် မြန်မာပြည်ရဲ့အခြေအနေကတော့ အဆိုးဆုံးအခြေအနေဆိုတာထက်တောင် ပိုနေဦး မယ်လို့ ထင်မြင်မိပါတယ်။