အရာတော် စစ်ကောင်စီတပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်၊ ရဲတပ်ကြပ်အပါအဝင် ၅ဦးသေဟုဆို

တိုက်ပွဲအပြီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေစဥ် မြင်ကွင်း /ဓာတ်ပုံ-Danger Force LPDF

ကိုခင်မောင်

(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း ၊ အရာတော်မြို့နယ်တွင် စစ်ကောင်စီတပ်၊ ရဲနှင့်ပျူစောထီးပူးပေါင်းစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ရဲတပ်ကြပ် တဦးအပါအဝင် ငါးဦးသေဆုံးသွားကြောင်း Danger Force LPDF အဖွဲ့မှ ယနေ့ဖေဖော်ဝါရီ ၂၂ရက်တွင် သတင်းထုတ်ပြန်သည်။

ယမန်နေ့ ဖေဖော်ဝါရီ ၂၁ရက် နံနက် ၃နာရီ ၁၅ မိနစ်အချိန်တွင် အရာတော်မြို့နယ်အခြေစိုက် အမတ(၃၆၉)တပ်ရင်းမှ အရာတော်မြို့သို့သွားသော အင်အား ၅၀ခန့်ပါ စစ်ကောင်စီတပ်၊ ရဲနှင့်ပျူစောထီး ပူးပေါင်းခြေလျင်စစ်ကြောင်းကို တင့်ကားတပ်(၅၀၀၄)၏ အနောက်တောင်ဘက် တမိုင်ခန့်အကွာရှိ တူးကန်ဘုရားကျောင်းအနီးတွင် လက်နက်ကြီး၊ ငယ်များဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့တာဝန်ရှိသူမှ မဇ္စျိမကိုပြောသည်။

“ကြားဖြတ်တိုက်ခိုက်မှုမှာ မိနစ် ၃၀ခန့် အပြန်အလှန်ပစ်ခတ်ခဲ့ကြတယ်။ သူတို့ဘက်က လက်နက်ကြီးတွေနဲ့ပစ်တာများတယ်။ တိုက်ပွဲအပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဥ်မှာ သွေးကွက်တွေ ၊ ပတ်တီးစတွေ တွေ့ပါတယ်။ စစ်ကောင်စီတပ်ဘက် သေဆုံးတာတွေကတော့ မြို့ခံတချို့နှင့် ဖရဲသီးထံမှလည်း သိရပါတယ်ဗျ။ ကျနော်တို့မျက်မြင်တွေ့တာလည်း ပါတယ်။” ဟု Danger Force LPDF အဖွဲ့မှ တိုက်ခိုက်ရေးတာဝန်ခံ သူသူက မဇ္စျိမကို ဆိုသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်စဥ်အတွင်း အရာတော်မြို့မရဲစခန်းမှ ရဲတပ်ကြပ် စောမင်းဦး တိုက်ပွဲအတွင်းသေဆုံးပြီး စစ်ကောင်စီတပ်သား လေးဦးသည်လည်း အရာတော်မြို့ ပြည်သူ့ဆေးရုံကြီးအရောက်တွင် သေဆုံးကာ တခြား ခုနစ်ဦးခန့်မှလည်း ဒဏ်ရာ အပြင်းအထန်ရရှိသဖြင့် ဆေးကုသခံယူနေကြောင်း အတွင်းသတင်းအရသိရသည်ဟု ထုတ်ပြန်ထားသည်။

ထိုတိုက်ခိုက်မှုကို Danger Force LPDF၊ Special Revolution Force၊ မိုင်းမင်းသားမြေအောက်ပြောက်ကျားတပ်ဖွဲ့၊ မုံရွာခရိုင်တပ်ရင်း(၂၇) ၊ မုံရွာခရိုင်ပကဖ၊ လင်းယုန်တပ်ဖွဲ့ တို့မှပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ထို့အပြင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော်နှစ်ဦးသည် ခြေထောက်နှင့်လက်ဖျံနေရာများတွင် ကျည်ဆထိမှန်က မစိုးရိမ်ရဒဏ်ရာအသီးသီးရရှိထားပြီး ဆေးကုသမှုခံယူနေကြောင်း တိုက်ခိုက်ရေးတာဝန်ခံ သူသူက ဆိုသည်။

အဆိုပါ တိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်သားများသည် အထိနာသောကြောင့် (၅၀၀၄)တင့်ကားတပ်မှ လက်နက်ကြီးလက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ဖောက်ခြင်းများပြုလုပ်ပြီး ထိုစစ်ကြောင်းသည် အရာတော်မြို့ထဲသို့ဝင်သွားကြောင်း ၎င်းတာဝန်ခံထံမှ သိရသည်။

Danger Force LPDF အဖွဲ့သည် မုံရွာခရိုင်ကွပ်ကဲရေးမှူး၏ ကွပ်ကဲမှုအောက်တွင်တည်ရှိပြီး မုံရွာခရိုင် ပကဖအဖွဲ့တွင်လည်း စာရင်းတင်ထားလျက်ရှိကြောင်း တာဝန်ခံမှ ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင်လည်း အရာတော် – မုံရွာ လမ်းပေါ်ရှိ ကျွန်းဖိုပင်ကျေးရွာသို့ ရောက်ရှိနေသော စစ်ကောင်စီတပ်ဖွဲ့ အင်အား ၆၀ ခန့်အား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းဗုံးသီးများကြဲချတိုက်ခိုက်ခဲ့သေးသည်။

စာတည်း – သန်းဇော်(သန်လျင်)