မန္တလေးကျောက်ဝိုင်း သတ်မှတ်ရက်မှအပဆိုင်ပိတ်လျှင် အရေးယူမည်ဟု စစ်ကောင်စီအမိန့်ထုတ်

ပုံစာ - မန္တလေးကျောက်ဝိုင်းအပြင်ဘက်မြင်ကွင်းများ(ပုံဟောင်း)

ပုံစာ – မန္တလေးကျောက်ဝိုင်းအပြင်ဘက်မြင်ကွင်းများ(ပုံဟောင်း)

007

(မဇ္စျိမ)။ ။မန္တလေးကျောက်ဝိုင်းအတွင်းရှိဆိုင်ခန်းများအား သတ်မှတ်ပိတ်ရက်မှအပ နေ့စဉ် မပျက်မကွက် ဖွင့်လှစ်ရောင်းချရန် စစ်ကောင်စီလက်အောက်ခံမန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက အမိန့် ကြေညာချက်ထုတ်ပြန်လိုက်ကြောင်း ကျောက်မျက်ကုန်သည်ပွဲစားများထံက သိရသည်။

“ဝိုင်းထဲမှာ စာတွေလာကပ်သွားတယ်။ ဆိုင်ခန်းရှင်တွေကိုလည်း ခေါ်သတိပေးတယ်လို့ သိရတယ်၊ ဥပုသ် ပိတ်ရက်တွေကလွဲပြီး ဆိုင်မပိတ်ရဘူး၊ ပိတ်ရင်အရေးယူမယ်ဘာညာပေါ့၊ သတ်မှတ်ထားသောပိတ်ရက် မှအပ နေ့စဉ်ဖွင့်လှစ်ရန်ဆိုပြီး စာထဲမှာပါတယ်” ဟု ကျောက်သမားတဦးကပြောသည်။

စစ်အာဏာသိမ်း သုံးနှစ်ပြည့်သည့်နေ့ကပြုလုပ်သည့် အသံတိတ်သပိတ်လှုပ်ရှားမှုအဖြစ် ကျောက်ဝိုင်း အတွင်းမှ ဆိုင်ခန်းအချို့ပိတ်ခဲ့ပြီးနောက် စစ်ကောင်စီက ယခုကဲ့သို့ အမိန့်ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း ကျောက်လောကသားများက ဆိုသည်။

ထုတ်ပြန်ချက်အရ ကျောက်ဝိုင်းအတွင်း ဖွင့်လှစ်လုပ်ကိုင်ကြသည့်ဆိုင်ခန်းများအနေဖြင့် သတ်မှတ်ထား သောပိတ်ရက်မှအပ နေ့စဉ်ဖွင့်လှစ်ရမည်ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့်ဆိုင်ပိတ်လိုလျှင် အုပ်ချုပ် ရေးမှူးရုံးနှင့် အကျိုးတော်ဆောင်အဖွဲ့သို့ သတင်းပို့ရမည်ဖြစ်ကာ ဆိုင်ခန်းရှင်များအနေဖြင့် နေ့စဉ် ၂၄ နာရီ အချိန်ပြည့်ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်သုံးလုံးပေးထားရမည်ဟု ဆိုသည်။

“ပြဿနာက အဲဒီမှာစတာပဲ။ ကိုယ့်ဆိုင်ကိုယ်ပိတ်ဖို့ သူတို့ကိုတင်ပြရဦးမယ်၊ ဘာကြောင့်ပိတ်မယ်ဆိုတာ ကို သူတို့ကို ပြောပြရဦးမယ်။ အာဏာရူးတွေရဲ့ထုံးစံအတိုင်း လွယ်လွယ်နဲ့တော့ရမယ်မထင်ဘူး။ အရပ်ထဲ ဧည့်စာရင်း တိုင်ရင်တောင် ပိုက်ဆံပေးရတဲ့ခေတ်လေ။ အဆိုးဆုံးကတော့ ဆိုင်ခန်းရှင်တွေ ဖုန်းနံပါတ်သုံး လုံးပေးထားရမယ်၊ သူတို့ခေါ်လို့ အဲဒီဖုန်းနံပါတ်တွေခေါ်မရရင် ဆိုင်ခန်းရှင်ရဲ့တာဝန်တဲ့၊ အဲဒီကိစ္စက အဆိုးဆုံးပါပဲ၊ အသားလွတ် လူ့အခွင့်အရေးချိုးဖောက်ခံရတာလို့ ခံစားရတယ်”ဟု ဝါရင့်ကျောက်ပွဲစား တဦးကပြောသည်။

စစ်ကောင်စီက ထုတ်ပြန်ထားသောအမိန့်ကိုလိုက်နာရန်နှင့် မလိုက်နာလျှင် ဆိုင်ပိတ်သိမ်းသည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အဓိကကတော့ Silent Strike ကို သူတို့တအားကြောက်နေကြတာက စတာပဲ။ အာဏာသိမ်းသုံးနှစ် ပြည့်တုန်းက ဆိုင်ခန်းတွေပိတ်လိုက်ကြတာ သူတို့ အတော်လေး ကြောက်သွားကြတယ်။ အဲဒါကို သူတို့ လုပ်နိုင်တဲ့နည်းလမ်းနဲ့ ညစ်ပတ်လိုက်တာလို့ပဲမြင်တယ်” ဟု မန္တလေးမြို့ခံ နိုင်ငံရေးသမားတဦးက မှတ် ချက်ပြုသည်။

မန္တလေးကျောက်ဝိုင်းတွင် ယမန်နှစ် ဇူလိုင်လ ၁၈ ရက်နေ့ကလည်း ကျောက်ဝိုင်းအတွင်းဝင်ရောက် လုပ် ကိုင်သူမှန်သမျှ ကျပ် ၃၀,၀၀၀ မှ ၅၀,၀၀၀ အထိကျသင့်သော ကျောက်အရောင်းအဝယ်လိုင်စင်ပြုလုပ် ခိုင်းသည့်အမိန့်ကြေညာချက် ထုတ်ပြန်ခဲ့ဖူးသည်။

မန္တလေးကျောက်ဝိုင်းဟုလူသိများသော မဟာအောင်မြေ ကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်း အတွင်း စစ်အာဏာမသိမ်းခင်က နေ့စဉ်ဝင်ရောက် ရောင်းဝယ်လုပ်ကိုင်သူ ၁၀၀,၀၀၀ ဝန်းကျင်ရှိပြီး ဆိုင် ခန်းပေါင်း ၂၀၀ ခန့်ရှိကြောင်း၊ စစ်အာဏာ သိမ်းပြီးနောက်ပိုင်းတွင် လေးပုံတပုံခန့် လျော့ကျသွားကြောင်း ကျောက်လောကသားများထံမှ သိရသည်။

စာတည်း။ ။စောဖေ