အုတ်ဖိုစရဖရုံး ပေါက်ကွဲမှုဖြစ်ပွားပြီး မီးလောင်ကျွမ်း

ပုံအညွှန်း − မီးလောင်ကျွမ်းနေသည့် အုတ်ဖိုမြို့ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ရုံး။ ဓာတ်ပုံ − ပေးပို့။

ပုံအညွှန်း − မီးလောင်ကျွမ်းနေသည့် အုတ်ဖိုမြို့ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ရုံး။ ဓာတ်ပုံ − ပေးပို့။

ရွှေနွယ်

(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ အုတ်ဖိုမြို့၊ မိုးညိုတန်းရပ်ကွက်၊ ချမ်းမြသာမြေ(၂)လမ်းရှိ စစ်ကောင်စီ၏ စစ်ဘက် ရေးရာလုံခြုံရေးတပ်ဖွဲ့ရုံး ဖေဖော်ဝါရီ ၂၅ ရက် ယနေ့ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်ခန့်က ပေါက်ကွဲမှုဖြစ်ပွား ပြီးနောက် မီးလောင်ကျွမ်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ဗုံးကွဲတဲ့အသံကြီးကြားပြီးတဲ့နောက် မီးလောင်တယ်။ ညနေ ၃ နာရီခွဲကျော်ထိ မီးမကျသေးဘူး၊ မီးသတ် က လာငြိမ်းတယ်။ ရုံးကတော့ တော်တော်လောင်သွားတယ်” ဟု မီးလောင်သည့်ဖြစ်စဉ်ကို သွားရောက် ကြည့်ရှုခဲ့သည့် အုတ်ဖိုမြို့ခံကပြောသည်။

မီးလောင်ကျွမ်းသည့် စရဖရုံးရှိ လက်နက်ခဲယမ်းများထားရှိရာအဆောင်မှာမူ လောင်ကျွမ်းသည့်အထဲ မပါ ဝင်ခဲ့ကြောင်းလည်း အဆိုပါဒေသခံက ဆိုသည်။

ပေါက်ကွဲသံကိုကြားလိုက်ရကြောင်း ဒေသခံများကပြောဆိုသည့်အတွက် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ များမှ လုပ်ဆောင်ခဲ့ခြင်း ရှိ၊ မရှိသိနိုင်ရန် သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၈၀၂) ပြန် ကြားရေးတာဝန်ခံနှင့် တပ်ခွဲ(၄)အုတ်ဖိုမြေအောက်ပြောက်ကျားတပ်ဖွဲ့ တပ်ခွဲမှူးတို့ထံ မဇ္ဈိမကဆက် သွယ်မေးမြန်းသော်လည်း ၎င်းတို့အနေဖြင့် အတည်ပြုပေး၍ မရသေးကြောင်း ဖြေကြားသည်။

“အဲဒီရုံးမှာက ဖမ်းဆီးခံရတဲ့ ပြည်သူတွေကို နှိပ်စက်တဲ့နေရာလေ။ မင်းလှဘက်ကလူတွေ၊ လက်ပံတန်း ကလူတွေ၊ မိုးညိုကလူတွေ တော်တော်လေး နှိပ်စက်ခံခဲ့ရတာတွေရှိတယ်။ ပြည်သူကို ဒုက္ခပေးနေတဲ့ ရုံး ဗျာ။ အဲဒီရုံးထဲမှာ သေခဲ့တဲ့သူတွေတောင်ရှိတယ်။ ဖောက်ခွဲမှုလား၊ မဟုတ်လားဆိုတာကိုတော့ အတည် ပြုနေဆဲပါ” ဟု သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း(၃၈၀၂) ပြန်ကြားရေးတာဝန်ခံ ကိုဇော် ကြီးက ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက အုတ်ဖိုမြို့နယ်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် CDM သူနာပြု ဒေါ်မေဇွန်မိုးသည်လည်း အဆိုပါစရဖရုံးတွင် စစ်ကြောရေးပြုလုပ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသ တွင်းတော်လှန်ရေးတပ်ဖွဲ့များ၏ ပြောဆိုချက်အရသိရသည်။

ပေါက်ကွဲမှုဖြစ်စဉ် အသေးစိတ်နှင့် မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေများကို မဇ္ဈိမကဆက် လက်စုံစမ်းနေဆဲဖြစ်သည်။

စာတည်း။ ။စောဖေ