ရခိုင်တွင် မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်ကြီးများ စစ်ရှုံးနေပြီး အရှုံးသမားကောင်း ပီသအောင်ကြိုးစားရန် AA စစ်ဦးစီးချုပ်ပြော

002

ရခိုင်တွင် မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်ကြီးများ စစ်ရှုံးနေပြီး အရှုံးသမားကောင်း ပီသအောင်ကြိုးစားရန် ရခိုင့်တပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က လူမှုကွန်ရက် X တွင်သတိပေးရေးသားသည်။

” ခင်ဗျားတို့ရဲ့စစ်ပညာနဲ့ကြိုးစားမှု့ကိုလေးစားပါတယ်။ဒါပယ်မဲ့ လူကြီးမင်းတို့က သေချာပေါက်ရှုံးနေပြီဖြစ်လို့ အရှုံးသမားကောင်း ပီသအောင်ကြိုးစားခြင်းကသာ သင်တို့ရဲ့တစ်ခုတည်းသော အကောင်းဆုံး ‌‌ရွေးချယ်စရာဖြစ်ပါလိမ့်မည် ” ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုသည်။

ရခိုင်ပြည်နယ်တွင် စစ်ရှုံးနိမ့်နေသည့် စစ်ကောင်စီက ရခိုင်ပြည်သူ များကို ဖမ်းဆီးမှုများ၊ လေယာဉ်စီးခရီးသည်များကို ဖမ်းဆီးထားခြင်း၊ အဝေးပြေးကားပေါ်မှ ရခိုင်သွားမည့် ပြည်သူနှင့်လူငယ်များကို ဖမ်းဆီး စစ်ဆေးခြင်းများ၊ ရခိုင်ပြည်နယ်ရှိ မြို့အချို့ကို လေ‌ကြောင်း မှ ဗုံးကြဲတိုက်ခိုက်ခြင်းများကို ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။

” တပ်အချင်းချင်း တိုက်မနိုင်လို့ ဘာလက်နက်မှ မရှိတဲ့ အပြစ်မဲ့ ပြည်သူလူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီး သတ်ဖြတ် ညစ်လုံးစုံနဲ့ ဆက်ပြီး လက်နက်အားကိုး မိုက်တွင်း နက်နေဦးမယ်ဆိုရင် မင်းတို့ရဲ့ ဂုဏ်သိက္ခာကို ထည့်မစဉ်းစားရင်တောင် ခင်ဗျားတို့ရဲ့ ရှင်ကျန်ခဲ့မယ့် သားသမီးမြေးမြစ်တွေအတွက် သိက္ခာနည်းနည်း ချန်ထားခဲ့သင့်ပါတယ်”ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ‌ရေးသားသည်။

ရခိုင်ပြည်နယ်တွင် ၂၀၂၃ ခုနှစ် နို၀င်ဘာ တိုက်ပွဲများ မစခင်က လည်း အမ်းမြို့အ‌ခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးကိုလည်း အာရုံနောက်မည့်ကိစ္စများ မလုပ်ရန်
AA စစ်ဦးစီးချုပ်က သတိ‌ပေးခဲ့ဖူးသည်။

ယင်းသို့ သတိပေးပြီး မကြာမီတွင် ရခိုင်တွင် ၁၀၂၇ စစ်ဆင်ရေးအဖြစ် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
ရခိုင်တွင် ‌မြောက်ပိုင်းမြို့များဖြစ်သည့် ပေါက်တော၊ ‌မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ‌မြေပုံမြို့နှင့် ချင်းပြည်နယ် ပလက်ဝြမို့များ ကို သိမ်းပိုက်ထားသည်။