ချင်းတွင်းမြစ်ကြောင်းတွင် လောင်စာဆီတင်ရေယာဉ် မီးလောင်မှုဖြစ်ပွား

ချင်းတွင်းမြစ်အတွင်းက သလ္လာဝတီ ဇတ်ဆိပ်မီးလောင်မှုဖြစ်ပွါးစဉ်ကမြင်ကွင်း(ပုံဟောင်း)

လွှမ်းမိုး

(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းတွင် ဆိုက်ကပ်ထားသည့် လောင်စာဆီတင် ရေယာဉ် ဖေဖော်ဝါရီ ၂၄ ရက် ညနေ ၆ နာရီ အချိန်တွင် မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ဖလပ်ယာဉ်မှာ ဆီပေပါတွေ၊ ဆီကန်တွေ အဓိက သယ်လာတာ။ ဝါယာရှော့ဖြစ်လို့ ပေါက်ကွဲမှု ဖြစ်ပြီး မီးလောင်သွားတာ ဖြစ်ပါတယ်။ ယာဉ်ပေါ်က အလုပ်သမားတွေကိုတော့ စက်လှေသမားတဦးက ကယ်ထုတ်ခဲ့လို့ လွတ်ခဲ့တယ်” ဟု ဖလပ်ယာဉ်ပေါ်မှ လွတ်မြောက်လာသူက ဆိုသည်။

အဆိုပါရေယာဉ်သည် မန္တလေးမှ လောင်စာဆီများသယ်ဆောင်ကာ ဟုမ္မလင်းမြို့သို့ ဆန်တတ်မည့် ယာဉ်ဖြစ်ပြီး မီးလောင်ပေါက်ကွဲမှုတွင် ရေယာဉ်ပိုင်ရှင် ဦးသန်းဌေးအောင်ဆိုသူနှင့် အလုပ်သမား တဦးဆို့ သေဆုံးသွားသည်ဟု သိရသည်။

“မီးစလောင်ပြီး ဘယ်လောက်မှ မကြာဘူး သုံးကြိမ်လောက် ပေါက်ကွဲသံ ကြားလိုက်ရတယ်။ တညလုံး နီးပါး မီးလောင်နေတာ ဖြစ်တယ်။ စစ်သားတွေရော ရောက်နေတဲ့အတွက် ဘယ်သူမှ သွားပြီး ဝိုင်းကူးပြီး မီးမငြိမ်းရဲဘူး” ဟု ဒေသခံက ဆိုသည်။

အဆိုပါရေယာဉ် ဆိုက်ကပ်ထားရာနေရာသည် အလုံတပ်မြို့၊ စစ်ပင်ဆိပ်အနီးတွင်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှိရာနေရာနှင့်နီးသည်ဟုလည်း ဒေသခံကဆိုသည်။

အဆိုပါ မီးလောင်နေသည့် ရေယာဉ်ကို မုံရွာ-အလုံ မီးသတ်တပ်ဖွဲ့များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ပြီး ယနေ့နံနက် ၇ နာရီ အချိန်တွင် မီးငြှိမ်းသတ် နိုင်ခဲ့ခြင်းဖြစ်ကြောင်း မီးသတ်အဖွဲ့ဝင်များထံမှ သိရသည်။

၂၀၂၂ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့ကလည်း မုံရွာမြို့ ၊ သလ္လာဝတီ ဆိပ်ကမ်းတွင် လောင်စာဆီတင် ဖလပ်အမြန်ယဉ်တစီး မီးလောင်ပေါက်ကွဲသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့‌သေးသည်။

စာတည်း။ ။ ဖူးသိမ်ကျ