လှိုင်သာယာရှိ အေးငြိမ်းချမ်းသာ ထိုင်တော်မူဘုရားကို ကျူးကျော်နယ်မြေဟုဆိုကာ စစ်ကောင်စီ ဖျက်ဆီး

ပုံအညွှန်း- အေးငြိမ်းချမ်းသာထိုင်တော်မူ ရုပ်ပွားတော် တည်ဆောက်ဆဲပုံ

ပုံအညွှန်း- အေးငြိမ်းချမ်းသာထိုင်တော်မူ ရုပ်ပွားတော် တည်ဆောက်ဆဲပုံနှင့် ဖျက်ဆီးခံလိုက်ရပုံ

(မဇ္ဈိမ)။ ။ရန်ကုန်တိုင်း၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ အပြင်ပဒံကျေးရွာအုပ်စု၊ ကျွန်းကြီးကျေးရွာရှိ အေးငြိမ်းချမ်းသာထိုင်တော်မူရုပ်ပွားတော်နှင့် အိမ်ခြေ ၃၀၀ ဝန်းကျင်ကို စစ်ကောင်စီတပ်နှင့် ရဲများက စက်ယန္တရားများ ဖြင့် လာရောက်ဖျက်ဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ (မေလ ၂၄ ရက်) နံနက်ပိုင်းမှစ၍ ကျွန်းကြီးကျေးရွာအပြင်ဘက်၌တည်ထားသော ဉာဏ်တော် ၂၄ ပေရှိ အေးငြိမ်းချမ်းသာထိုင်တော်မူရုပ်ပွားတော်နှင့် အိမ်ခြေများကို ကျူးကျော်ဟုဆိုကာ စစ်ကောင်စီ က စက်ယန္တရားများအသုံးပြု၍ ဖြိုချဖျက်ဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

ဖျက်ဆီးခံလိုက်ရပုံ

“မနေ့မနက်ပိုင်းလောက်က စဖျက်တာ။ ဘုရားကိုရော အိမ်ခြေကတော့ ၃၀၀ ကျော်လောက်ပါသွားတယ် ပြောပါတယ်။ ညီမတို့ ပထမသတင်းကြားတာကတော့ ၁၀ အိမ်လောက်ပဲလို့ သိထားတာပါ၊ တကယ် မြေ ပြင်မှာတော့ အကုန်ပါသွားတယ်လို့ပြောတယ်။ မေလ ၂၃ ရက်နေ့ ညကတည်းက အဲ့ဒီကျွန်းကြီးရွာကို မီးဖျက်ထားတာ” ဟု ဒေသခံအမျိုးသမီးတဦးက မဇ္ဈိမကိုပြောသည်။

အဆိုပါရုပ်ပွားတော်အား ဖျက်ဆီးခြင်းနှင့်ပတ်သက်၍ ဆရာတော်အရှင်ဘန္ဒန္တမေဓိယဝံသက ညှိနှိုင်း ဆောင်ရွက်ပေးရန် မြို့နယ်သံဃနာယကအဖွဲ့ထံစာပို့၍ မေတ္တာရပ်ခံခဲ့သော်လည်း လက်ခံမှုမရှိခဲ့ကြောင်း သိရသည်။

ဖျက်ဆီးခံလိုက်ရပုံ

စစ်ကောင်စီ၏ ဖျက်ဆီးမှုကြောင့် လူနေအိမ်ခြေ ၃၀၀ ကျော်ပျက်စီးခဲ့ပြီး အဆိုပါအရေအတွက်သည် ကျွန်းကြီးကျေးရွာ၏ ၉၀ ရာခိုင်နှုန်းခန့်ရှိကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

“ရွာဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတော့ ကျန်တယ်ကြားတယ်။ ကျန်တဲ့ ၉၀ ရာခိုင်နှုန်းကျော် လောက်က ပျက်စီးသွားပြီ” ဟု ဒေသခံအမျိုးသမီးတဦးက ပြောသည်။

ကျွန်းကြီးရွာ တည်ရှိရာနေရာသည် အနော်ရထာစက်မှုဇုန်(၂)နယ်မြေအတွင်း၌ပါဝင်ကြောင်းနှင့် မေလ ၁၆ ရက်နေ့ စစ်ကောင်စီလက်အောက်ခံ စည်ပင်သာယာရေးကော်မတီ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၏ အကြောင်းကြားစာအရ အိမ်ခြေ ၁၆ လုံးကိုသာ ဖျက်ဆီးမည့်အကြောင်းပါရှိသော်လည်း မြေပြင်တွင် အိမ်ခြေ ၃၀၀ ကျော်အထိ ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း။ ။စောဖေ