ကလေးမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်လျက်ရှိ၊ စစ်ကောင်စီက လေကြောင်းမှဗုံးကြဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်

ပုံအညွှန်း – သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ
ဓါတ်ပုံ – အမှတ်(၁) စစ်ဒေသ ကလေးခရိုင်


ပါခွီး

(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေယာဥ်ဖြင့် ဗုံးနှစ် ကြိမ်ကြဲကာ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“မြောက်ပိုင်းမှာ လေယာဥ်နဲ့ နှစ်ကြိမ်ဗုံးကြဲတယ်၊ အထိအခိုက်တော့ မသိရသေးဘူး။ တိုက်ပွဲကဖြစ်နေတုန်းဆို တော့ အခြေအနေကို ပြန်ကြားရေးက ထုတ်ပြန်ပါလိမ့်မယ်” ဟု ကလေးမြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မဇ္စျိမကိုပြောသည်။

ကလေးတက္ကသိုလ်နှင့် မြောက်ပိုင်း သဲကုန်းတန်း၊ ဆည်တော်ဦးကျောင်းတိုက်ဘက်ရှိ စစ်ကောင်စီအခြေစိုက်စခန်း များကို ဖေဖော်ဝါရီလ ၂၆ ရက် ယနေ့ နံနက် ၄ နာရီ ၃၀ မိနစ်မှစတင်၍ ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက် ခိုက်နေခြင်းဖြစ်သည်။

တိုက်ပွဲများဖြစ်ပွားပြီးနောက်တွင် စစ်ကောင်စီတပ်က ကလေးမြို့နယ်မြောက်ပိုင်းကို နံနက် ၇ နာရီ ၁၅ မိနစ်နှင့် ၇ နာရီ ၂၃ မိနစ်တို့တွင် ဗုံးကြဲချခဲ့ကြောင်း ဒေသခံတဦးကပြောသည်။

၎င်းအပြင် နံနက် ၄ နာရီမှစ၍ အမြောက်တပ်နှင့် ထောက်ပို့တပ်တို့မှ ကလေးမြို့တောင်ပိုင်းနှင့် မြောက်ပိုင်းကို တနာရီအတွင်း လက်နက်ကြီးဖြင့် အလုံး၂၀ ကျော်ပစ်ခတ်ခဲ့ကြောင်းလည်း ဆိုသည်။

ဖေဖော်ဝါရီလ ၂၅ ရက် ယမန်နေ့ညနေ ၆ နာရီက ကလေးမြို့အနောက်ဖက် ဆင်ရွာသို့ စစ်ကောင်စီတပ်မှပစ်ခတ် သည့် လက်နက်ကြီးကျည် နှစ်ကြိမ် ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသားတဦး သေဆုံးခဲ့သည်။

ကလေးခရိုင်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို ဖေဖော်ဝါရီလ ၂၁ ရက်မှ ၂၃ ရက်နေ့အတွင်း ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သိမ်းပိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁) စစ်ဒေသက ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ထုတ်ပြန်သည်။

ဗိုလ်ကြီးမင်းခန့်ဇင်ဦးစီးပြီး ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး)လက်အောက်ခံ ထုတ်နုတ် အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားသည့် စက္ကန့် ၊ ကံကြီးနှင့် ကံသာရွာတို့မှ စစ်ကောင်စီစခန်းများကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က ဗိုလ်ကြီးတဦးအပါအဝင် ၁၅ ဦးသေဆုံးကာ ၁၀ ဦးဒဏ်ရာရခဲ့ပြီး ကာကွယ် ရေးတပ်ဖွဲ့မှ ရဲဘော်နှစ်ဦးကျဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းအပြင် စစ်ကောင်စီတပ်ထံမှ လက်နက်ငယ် ၁၀ လက် ၊ RPG -7 တလက် ၊ ၆၀ မမ ပြောင်းတို တလက်အပါအဝင် ကျည်ဆန်များသိမ်းဆည်းရခဲ့ကြောင်း သိရသည်။

အဆိုပါစခန်းသိမ်းတိုက်ပွဲများကို ကလေးခရိုင်တပ်ရင်းများ ၊ အထူးလှုပ်ရှားတပ်ရင်း များ ၊ ကလေးခရိုင်မိုင်းတပ်ဖွဲ့ ၊ ကလေးခရိုင်/မြို့နယ် ပကဖ ၊ ကလေးမြို့ပြစီမံချက်(UG)တပ်ဖွဲ့ ၊ VOKOK (PDF)တပ်ရင်း ၊ CNDF TZ Vapual ၊ RKDF ၊ CDF – KKG ၊ HNB ၊ GRF ၊ S2UG ၊ EFDF ၊ TCDF နှင့် CDF -CDM SIYIN တို့ မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း အသိပေးထားသည်။

ကလေးမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ရန်ကြီးအောင်စခန်းကို အမှတ်(၁) စစ်ဒေသကလေးခရိုင်ကွပ်ကဲရေးမှ ဦးစီးပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်မှ ၂၃ ရက်နေ့အတွင်း ပူးပေါင်းသိမ်း ပိုက်ခဲ့ပြီးနောက် ယခု တကျော့ပြန် စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲလာခြင်းဖြစ်သည်။

စာတည်း။ ။စောဖေ