ထားဝယ် အရှေ့တော‌ဒေသကို စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်မှု ပိုမိုပြုလုပ်

လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ် ထိခိုက်ပုံ

လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ် ထိခိုက်ပုံ

ကိုရွှေမြိတ်

မဇ္ဈိမ။ ။ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် အရှေ့တောဒေသတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား နှစ်ဖက် တိုက်ပွဲပြင်းထန်မှုကြောင့် အထိနာနေသည့် စစ်ကောင်စီတပ်က လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်မှုကို ယခုလအတွင်း ပို၍ပြုလုပ်လာနေကြောင်း သိရသည်။

ထားဝယ်အရှေ့တောဒေသ ထားဝယ်-ထီးခီး လမ်းပိုင်းတလျှောက်တွင် ယခုလ ဖေဖော်ဝါရီ ၁၇ ရက်နေ့မှစ၍ လက်ရှိအချိန်အထိ နှစ်ဖက်တိုက်ပွဲ အတွင်း KNU တပ်မဟာ (၄) နှင့် တပ်မဟာ (၆)က တပ်ရင်းများ၊ ကော်သူးလေတပ်မတော် (KTLA)၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ်ကို တိုက်ခိုက်မှုကြောင့် စစ်ကား ခြောက်စီး၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ ဦးထက်မနည်း သေဆုံးကာ လက်နက်ခဲယမ်းအများပြားကို တော်လှန်ရေး အင်အားစုဖက်က သိမ်းဆည်း နိုင်ခဲ့မှုကြောင့် ရေကြောင်းနှင့် ကုန်လမ်းက စစ်ကူမလွှတ်နိုင်သည့် စစ်ကောင်စီဘက်က MI-2 အမျိုးအစား ရဟတ်ယာဥ် အပြင် K8W တိုက်လေယာဥ် အမျိုးအစားကိုပါ အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုကို ဆက်တိုက် ပြုလုပ်လာကြောင်း တနင်္သာရီ စစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့ ထံမှ သိရသည်။

“စစ်ရေး တင်မားနေတာကတော့ ထားဝယ်အရှေ့တောဒေသ တခုတည်းတော့ မဟုတ်ဘူးပေါ့ဗျာ၊ အခုဆိုရင် ကျွန်တော်တို့ တိုင်းထဲမှာ စစ်တပ်က အခြေစိုက်တဲ့ စခန်းတွေမှာ စစ်ကြောင်း ထွက်ရတဲ့ အခါမှာဆိုရင် စစ်ရေး တင်းမာနေတာမျိုး ရှိတယ်၊ တိုက်ပွဲတွေကလည်း နားလိုက် ဖြစ်လိုက်ပေါ့ဗျာ၊ ဆိုတော့ အဲ့လို တိုက်ပွဲတွေ ဖြစ်နေတဲ့ အချိန်တိုင်းမှာ စစ်တပ်ဘက်ကတော့ စစ်ကူလာဖို့ အတွက်ကတော့ ကြည်းကြောင်းရော ရေကြောင်းရော သိပ်မဖြစ်နိုင်တော့ အဓိက လေကြောင်းနဲ့ပဲ ပစ်ကူတွေ လာပေးတာ ရှိတော့ ရမ်းသန်းပြီး ဗုံးကြဲတာတွေ ရှိလို့ ပြည်သူတွေအတွက်က အရမ်းကို အန္တရာယ်ရှိနေတယ်”ဟု တနင်္သာရီ စစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့၏ ပြောရေး ဆိုခွင့်ရှိသူ ရဲဘော် ဂျိုကာက ပြောသည်။

ထိုသို့ စစ်ကောင်စီက လေကြောင်းအကူ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တော်လှန်ရေး အင်အားစုဖက်က ဆောင်ရန် ရှောင်ရန် ကာကွယ်ရန် နည်းလမ်းများကို သိရှိထားပြီး ဖြစ်သော်လည်း ယာယီ အရေးပေါ် ထွက်ပြေး တိမ်းရှောင်လာသည့် ပြည်သူများနှင့် စစ်ဘေးရှောင် ပြည်သူများသည်၊ လေယာဉ်ပျံလာတာမျိုး တွေ့ရှိရင် ထွက်ပြေးတာမျိုး မပြုဖို့နှင့် တနင်္သာရီ စစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ထားသော အသိပညာပေးဆိုင်ရာ အချက်အလက်များကို လိုက်နာကြရန်နှင့် ဗုံးခိုကျင်းများကို ပြုလုပ်ထားဖို့ လိုအပ်ကြောင်း ရဲဘော် ဂျိုကာက ပြောဆိုထားသည်။

လေကြောင်း တိုက်ခိုက်မှုများကြောင့် အရပ်သား ထိခိုက်မှုကို ရှိမရှိကို စုံစမ်းနေဆဲ ဖြစ် သည်။

လက်ရှိ ထားဝယ် အရှေ့တောဖက်တွင် နှစ်ဖက်တိုက်ပွဲကြောင့် ကျောက်မဲတောင်၊ တောင်သုံးလုံး၊ ရွှေချောင်း၊ မေတ္တာ၊ ကထောင်းနီ၊ ဟိန္ဒူးချောင်း စသည့် ကျေးရွာတို့က ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရပြီး ဖမ်းဆီးခံရသူများလည်း ရှိနေကြောင်း သိရသည်။

တတိုင်းလုံး အနေဖြင့် အမြဲတမ်း စစ်ရှောင် ၅၀,၀၀၀ နှင့် ယာယီ စစ်ရှောင် ၅၀,၀၀၀ ကျော်တို့ရှိကာ စုစုပေါင်း စစ်ရှောင်ပြည်သူ တသိန်းကျော် ရှိနေကြောင်း တနင်္သာရီ စစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့က တာဝန်ရှိသူက ပြောဆိုထားသည်။

စာတည်း- သန့်ဇော်(သန်လျင်)