ဝမ်ပေါင်ကုမ္ပဏီလုံခြုံရေးစောင့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

ဝမ်ပေါင်ကုမ္ပဏီလုပ်ကွက်တနေရာ(ပုံဟောင်း)
Photo – Myanmar Wanbao Mining Copper Limited

လွှမ်းမိုး

မဇ္စျိမ။ ။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်ကုမ္ပဏီတွင် လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်ကို ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်သားတဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိသွားကြောင်း ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)ထံမှ သိရသည်။

ဝမ်ပေါင်ကုမ္ပဏီလုံခြုံရေးစောင့် စစ်ကောင်စီတပ်ကို ဇန်နဝါရီ ၆ ရက် နံနက် ၉ နာရီခွဲ အချိန်တွင် စတင်တိုက်ခိုက်ခဲ့ခြင်းဟု BLDF မှ ရဲဘော်ကိုအံံ့ကြီးက ပြောသည်။

“ ဘန်ကာနဲ့ပင်မကင်းစခန်းက စစ်သားတွေကို စနိုက်ဘာသုံးလက်အသုံးပြုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။စစ်သားတဦးသေဆုံးပြီး နှစ်ဦးပြင်းထန် ဒဏ်ရာရရှိသွားတာဖြစ်တယ်။ စစ်တပ်အရံကင်းစခန်းကနေ ပြန်လည်ပစ်ခတ်တာတွေ လုပ်ခဲ့တာရှိတယ်” ဟု ၎င်း ကဆိုသည်။

BLDF၊ Salingyi GZ ၊ Brother Army နှင့် မုံရွာခရိုင် အမှတ်-၂၅ တပ်ရင်း တို့ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။စစ်ကောင်စီဘက်မှ ထိခိုက်မှုကို မဇ္စျိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားများက ခရီးသွားပြည်သူများအား ဖမ်းဆီးစစ်ဆေးခြင်း၊ ငွေတောင်းခံခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဝမ်ပေါင်ကုမ္ပဏီလုံခြုံရေးစောင့်စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက မကြာခဏတိုက်ခိုက်နေခြင်းဖြစ်သည်။

ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသတွင် စစ်ကောင်စီနှင့်မြန်မာဝမ်ပေါင်၊ယန်စီကုမ္ပဏီတို့ပူးပေါင်း၍ ကြေးနီစီမံကိန်းကို ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းမှစတင်ကာ ပြန်လည်လည်ပတ်ရန်ကြိုးစားနေကြောင်း၊ကုမ္ပဏီသည် စစ်ကောင်စီအား အထောက်အပံ့ပေးနေခြင်း၊ ဒေသခံပြည်သူများ၏ သဘောဆန္ဒမပါဘဲ စီမံကိန်းလည်ပတ်မှု ကြိုးစားနေခြင်းနှင့်အနီးဝန်းကျင်ကျေးရွာများအား စစ်ကောင်စီကလက်နက်ကြီးဖြင့်ပစ်ခတ်ရာတွင် မြန်မာဝမ်ပေါင်နှင့်ယန်စီကုမ္ပဏီဧရိယာအတွင်းမှ ပြုလုပ်ခွင့်ပေးထားခြင်းသည် စစ်ကောင်စီက လူသားမျိုးနွယ်ပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများ၌ ပူးပေါင်းနေခြင်းဖြစ်ပြီး ထိုလုပ်ရပ်များ ရပ်တန့်ရန်အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု – General Strike Coordination Body – GSCB က ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၇ရက်တွင် ထုတ်ပြန်ထားသည်။

စာတည်း – အေးချမ်း