ကလေးနှင့်ခိုင်ကမ်းမြို့တွင် စစ်ကောင်စီ ပစ်ခတ်မှုကြောင့် အရပ်သား ၃ ဦး သေဆုံး

ပုံအညွှန်း။ ။ ခိုင်ကမ်းရဲစခန်းရှေ့ မြင်ကွင်း( ပုံဟောင်း) / ဓာတ်ပုံ ။ ။ CJ

ပုံအညွှန်း။ ။ ခိုင်ကမ်းရဲစခန်းရှေ့ မြင်ကွင်း( ပုံဟောင်း) / ဓာတ်ပုံ ။ ။ CJ

ကိုခင်မောင်
(မဇ္စျိမ) ။ ။ စစ်ရေးတင်းမာနေသည့် ကလေးမြို့နှင့် ခိုင်ကမ်းမြို့တွင် လမ်းသွားလမ်းလာအရပ်သားသုံးဦးသည် စစ်ကောင်စီတပ်ဖွဲ့ကသေနတ်ဖြင့်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။

ချင်းပြည်နယ်၊ ခိုင်ကမ်းမြို့ရဲစခန်းရှေ့တွင် စစ်ကောင်စီတပ်က လမ်းသွားလမ်းလာ ဒေသခံတဦးကို သေနတ်ဖြင့်ပစ်ခတ်၍ သေဆုံးမှုသည် ယမန်နေ့ ဖေဖော်ဝါရီလ ၂၆ရက် နေ့လယ်၁၂နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။

တီးတိန်မြို့နယ်၊ မွောလ်ပီးရွာမှ ဦးနန်ဒိုးဇမ်း(အသက်၃၉နှစ်)သည် ကလေးမြို့ဘက်မှ ဆိုင်ကယ်ဖြင့် ပြန်လာစဥ် ခိုင်ကမ်းရဲစခန်းရှေ့တွင် စစ်ကောင်စီတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်၍ သေဆုံးသွားခြင်းဖြစ်ကြောင်း သေဆုံးသူနှင့် ဆွေမျိုးတော်စပ်သူတဦးက မဇ္စျိမအားပြောသည်။

၎င်းက ” ရုပ်အလောင်းတောင်ပြန်မရဘူး။ စစ်တပ်က မီးရှို့ပြီးသွားပြီလို့ပဲသိရတယ်။ မိသားစုကတော့ သူ့ရဲ့နာရေးအစီအစဥ်ကို မလုပ်သေးဘူး။ ရင်ကွဲမတတ်ခံစားရပါတယ်။ စစ်ကောင်စီတပ်တွေက လူစိတ်မရှိကြတော့ဘူး။ တွေ့သမျှရမ်းပစ်နေတာပဲ” ဟု ဆိုသည်။

ဦးနန်ဒိုးဇမ်းတွင် သားသမီးရှစ်ဦးနှင့်ဇနီးဖြစ်သူကျန်ရစ်ခဲ့ကြောင်း၊ မွာလ်ပီးရွာနှင့် ခိုင်ကမ်းမြို့သည် ငါးမိုင်ခန့်သာကွာဝေးသောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရွာအထိလိုက်လာမည်ကိုလည်း စိုးရိမ်နေရကြောင်း သေဆုံးသူနှင့် ဆွေမျိုးတော်စပ်သူအချို့က ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ယနေ့ ဖေဖော်ဝါရီလ ၂၇ နံနက်ပိုင်းတွင် ကလေးမြို့၊ ဗိုလ်ချုပ်လမ်းမပေါ်နှင့်စန်းမြို့ရပ်ကွက်အတွင်း ဒေသခံနှစ်ဦးကို သေနတ်ဖြင့်ပစ်ခတ်ရာသေဆုံးသွားခဲ့ကြောင်း ဒေသခံများကပြောသည်။
ယနေ့ နံနက် ၁၀နာရီ ၃၀မိနစ်အချိန်တွင် ကလေးမြို့၊ ဗိုလ်ချုပ်လမ်းမပေါ် တွင် စစ်ကောင်စီတပ်များ စစ်ကားသုံးစီးဖြင့်သွားနေစဉ် သေနတ်ဖြင့်ပစ်ခတ်သဖြင့် ကလေးမြို့၊ဘူတာလမ်းခွဲအနီးက ဆေးဆိုင်တွင် ဈေးဝယ်နေသူ ဒေသခံအမျိုးသားတဦး ပွဲချင်းပြီးသေဆုံးကာ တဦးခြေထောက်တွင်ဒဏ်ရာရရှိသွားကြောင်း၊ ကလေးမြို့ပေါ် ဘူတာလမ်းခွဲအနီးရှိ စမ်းမြို့ရပ်ကွက်တွင်လည်း သုံးဘီးယာဥ်မောင်းအမျိုးသားတဦးကို စစ်ကောင်စီတပ်ကပစ်ခတ်သဖြင့် သေဆုံးသွားကြောင်းဒေသခံအချို့က ပြောသည်။

စစ်ကိုင်းတိုင်း၊ကလေးမြို့နှင့်ခိုင်ကမ်းမြို့သည် နယ်မြေခြင်းထိစပ်နေပြီး စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ များကြား ဖေ‌ဖော်ဝါရီလ ၂၁ ရက်မှစ၍တိုက်ပွဲများပြင်းထန်နေသည်။

ကလေးမြို့ အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ-ကလေး)လက်အောက်ခံတပ်ဖွဲ့ဝင်များရှိသော စက္ကန့်ရွာ၊ ကံကြီးရွာနှင့် ကံသာရွာတပ်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်က ဖေဖော်ဝါရီ ၂၁ရက်မှ ၂၃ရက်အတွင်း တိုက်ခိုက်သိမ်းယူခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဒေသ(၁)ကဖေဖော်ဝါရီ ၂၅ရက်တွင်ထုတ်ပြန်သည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီး အပါအဝင် ၁၅ဦးသေဆုံးကာ ၁၀ဦး ဒဏ်ရာရခဲ့ကြောင်း၊ တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ ရဲဘော် နှစ်ဦးကျဆုံးခဲ့ကြောင်းထုတ်ပြန်ခဲ့သည်။စစ်ကောင်စီလက်အောက်ခံတပ်များထံမှ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်းဖော်ပြထားသည်။

ယမန်နေ့က ကလေးမြို့တက္ကသိုလ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ပြီး တက္ကသိုလ်ဝန်ထမ်းများ၊ ကျောင်းသား၊ကျောင်းသူများအပါအဝင် ၁၀၀ကျော်ကို ကယ်ထုတ်ခဲ့ကာ ဘေးလွတ်ရာသို့ပို့ဆောင်ပေးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။စစ်ကောင်စီသည် ယနေ့ ညနေအထိ ကလေးမြို့ ဒကစမှနေ၍ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်းဒေသခံများကပြောသည်။

ဒေသတွင်း၌ စစ်ရေးအရှိန်အဟုန် တိုးမြှင့်တိုက်ခိုက်တော့မည်ဖြစ်သောကြောင့် ကလေးမြို့နေမိဘပြည်သူများအနေဖြင့် မလိုလားအပ်သည့် အသက်အိုးအိမ်စည်းစိမ်ထိခိုက်မှုများမဖြစ်စေရန်အတွက် အမြန်ဆုံးရှောင်ရှားကြရန် ကလေးခရိုင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ကယမန်နေ့ ဖေဖော်ဝါရီ ၂၆ရက်တွင် အသိပေးချက် ထုတ်ပြန်ထားသည်။စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်၍ ပြည်သူ့ရင်ခွင်ခိုလှုံကြရန်လည်း တိုက်တွန်းထားသည်။

စာတည်း – အေးချမ်း