ရန်ကုန်- မော်လမြိုင် ကားလမ်းပေါ်ရှိ မိုးကောင်းတံတား မိုင်းခွဲခံရ

ပုံအညွှန်း- မိုင်းခွဲဖျက်ဆီးခံရပြီးနောက် မြင်တွေ့ရသည့် မိုးကောင်းတံတားအခြေအနေ (ဓါတ်ပုံ- လူမှုကွန်ရက်/ ပေးပို့)

ပုံအညွှန်း- မိုင်းခွဲဖျက်ဆီးခံရပြီးနောက် မြင်တွေ့ရသည့် မိုးကောင်းတံတားအခြေအနေ (ဓါတ်ပုံ- လူမှုကွန်ရက်/ ပေးပို့)

YT

(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရန်ကုန်- မော်လမြိုင်ကားလမ်းပေါ်၊ မိုးကောင်းကျေးရွာ၊ မိုးကောင်းဘုရားအနီးရှိ သံကူ ကွန်ကရစ်တံတားတစင်း မိုင်းခွဲဖျက်ဆီးခံလိုက်ရသဖြင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားကြောင်း ဒေသခံများထံက သိရသည်။

” သထုံ မိုးကောင်းရွာ၊ မိုးကောင်းဘုရားနားက တံတားပါ။ အသံက တော်တော်ကျယ်တယ်။ ကျွန်တော်တို့ သွားကြည့်တော့ တံတားက တော်တော်သုံးမရတော့ဘူး။ အခုချိန်ထိ ကားတွေ လုံးဝသွားလို့မရတော့ဘူး” ဟု ဒေသတွင်း လူမှုကူညီရေးအသင်းဝင်တဦးက မဇ္ဈိမကိုပြောသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့၊ နံနက် ၁ နာရီဝန်းကျင်တွင် မိုးကောင်းတံတား မိုင်းခွဲဖျက်ဆီးခံရခြင်းဖြစ်ပြီး မိုင်းခွဲခံရမှုကြောင့် အလျား ၃၇ ပေ၊အကျယ် ၄၈ ပေရှိ တံတားတစင်းလုံး ပြိုကျပျက်စီးသွားပြီး ရန်ကုန်- မော်လမြိုင် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားခြင်းဖြစ်သည်။

စစ်ကောင်စီဝါဒဖြန့် ချန်နယ်များက မိုးကောင်းတံတားအား KNLA၊ PDF များက ဖျက်ဆီးသွားခြင်းဖြစ်သည်ဟု ရေးသားဖော်ပြနေကြသော်လည်း မည်သည့်အဖွဲ့က မိုင်းခွဲဖျက်ဆီးသွားသည်ကို မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

မိုးကောင်းတံတား မိုင်းခွဲဖျက်ဆီးခံရမှုအတွင်း အဆိုပါတံတားအနီး၊ ကားလမ်းဘေးရှိ ဒေသခံနေအိမ်တလုံးကို လက်နက်ကြီးစများ လွင့်စင်ခဲ့သဖြင့် ဒေသခံနေအိမ်ပျက်စီးခဲ့ပြီး နေအိမ်အတွင်းရှိ ဒေသခံလူငယ်တဦးနှင့် ၎င်း​၏ဖခင်ဖြစ်သူတို့ ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။

” လောလောဆယ်တော့ ကျွန်တော်တို့အိမ်လေးက နေလို့မရတော့ဘူး။ ကျွန်တော်လည်း (လည်ပင်းမှာ) ဒဏ်ရာရတယ်။ အဖေကတော့ နှဖူးနည်းနည်း ထိသွားတာရှိတယ်။ သက်သာနေပါပြီ” ဟု ဒဏ်ရာရ အမျိုးသားက မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် မိုးကောင်းတံတား မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် ရန်ကုန်- မော်လမြိုင် ကားလမ်းမကြီးအား အသုံးပြု၍ မရတော့သဖြင့် အိမ်စီးကား၊ ဆိုင်ကယ်၊ သုံးဘီး စသည့် ယာဉ်ငယ်များသည် ကျေးရွာပတ်လမ်းများကို အသုံးပြု၍ သွားလာနေကြပြီး ကုန်တင်ယာဉ်များမှာမူ ကားလမ်းဘေးတွင် ပိတ်မိနေဆဲဖြစ်ကြောင်း သိရသည်။

” ကားသေးလေးတွေကတော့ ရွာထဲလမ်းကနေရှောင်ပြီးသွားလို့ရပါသေးတယ်၊ ကားကြီးကတော့ သွားလို့ မရဘူး၊ ရွာလမ်းက နှစ်လမ်းရှိပါတယ်။ ကားလမ်း ဘယ်ဘက်ခြမ်းရော ညာဘက်ခြမ်းရော” ဟု ဒဏ်ရာရ ဒေသခံ အမျိုးသားက မဇ္ဈိမကိုပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့၊ နံနက် အစောပိုင်းကလည်း စစ်ကောင်စီထောက်ပို့လမ်းကြောင်းပေါ်ရှိ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအုပ်စု၊ ရန်ကုန်- မော်လမြိုင်ကားလမ်းပေါ်ရှိ ကျုံအိတ်တံတားအား တပ်မဟာ (၁) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့ရာ အကျယ်ပေ ၄၀ ရှိ ကျုံအိတ်တံတား၏ သုံးပုံနှစ်ပုံခန့် ပြိုကျပျက်စီးသွားခဲ့ကြောင်း သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)