မိုးမိတ်တိုက်ပွဲ၌ ဦးခေါင်းဖြတ်ခံရသူ ၂ ဦးအပါအဝင် ၁၇ ဦး အသတ်ခံရကာ အမျိုးသမီး ၃ ဦး မုဒိမ်းကျင့်ခံရ

ဂျူချန်း

(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့တွင် တိုက်ပွဲဖြစ်ပွားခဲ့သည့် ရက်သတ္တနှစ်ပတ်အတွင်း ဦးခေါင်းဖြတ်ခံရသူ နှစ်ဦးအပါအဝင် အရပ်သား ၁၇ ဦး သတ်ဖြတ်ခံရကာ အမျိုးသမီးသုံးဦးကိုလည်း တပ်မ(၉၉) မှ စစ်ကောင်စီတပ်သားများက အုပ်စုဖွဲ့ မုဒိမ်းပြုကျင့် ခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ထုတ်ပြန်ထားသည့် အစီရင်ခံစာအရ သိရသည်။

“တပ်မ(၉၉) တပ်သားများသည် ရွာသားများကို ၎င်းတို့၏ နေအိမ်၌ သော်လည်းကောင်း၊ တောထဲ၌သော်လည်းကောင်းပစ်သတ်ခဲ့ပြီး အချို့ရုပ်အလောင်းများသည် မီးရှို့ခြင်းခံထားရကာ ဆယ်ကျော်သက်နှစ်ဦးမှာ ဦးခေါင်းဖြတ်ခံခဲ့ရသည်။ မိုးမိတ်မြို့တွင်းနှင့် အနီးအနား စစ်ကောင်စီ တပ်မ(၉၉) တပ်သားများ အုပ်စုဖွဲ့အဓ္ဓမပြုကျင့်မှုကျူးလွန်သည့် နေရာသုံးခုအနက် တနေရာမှ အမျိုးသမီးတဦးမှာ ပစ်သတ်ခြင်းမခံရမီ အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံရသည်” ဟု အစီရင်ခံစာ၌ ဖော်ပြထားသည်။

ဇန်နဝါရီ ၁၉ ရက်နေ့တွင် မိုးမိတ်မြို့၊ ရွာတော်လေးရပ်နေ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတဦးကို တပ်မ(၉၉) စစ်ကောင်စီတပ်သား သုံးဦးမှ မုဒိမ်းပြုကျင့်ခဲ့သည်။ ဇန်နဝါရီ ၂၀ ရက်နေ့တွင် အုန်းကြောရွာသစ်၌ ဇနီးမောင်နှံနှစ်ဦးအနက် အမျိုးသားကို သေနတ်ဖြင့် ပစ်သတ်ပြီးနောက် အမျိုးသမီးကိုလည်း မုဒိမ်းပြုကျင့်ပြီး ပစ်သတ်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၂၆ ရက်နေ့တွင်လည်း ရွှေဇာလီရွာအနီး တောအုပ်အတွင်း ပုန်းအောင်းနေသည့် အမျိုးသမီးတဦးကိုလည်း အုပ်စုဖွဲ့ မုဒိမ်းပြုကျင့်ခဲ့ကြောင်း အစီရင်ခံစာ၌ ပါရှိသည်။

ယင်းအပြင် သရက်တောရွာမှ ထွက်ပြေးလာသည့် အမျိုးသမီး လေးဦးကိုလည်း စစ်ကောင်စီတပ်သားများမှ အဓမ္မပြုကျင့်ရန် ကြိုးပမ်းခဲ့ကြောင်း ဖော်ပြထားသည်။

သတ်ဖြတ်ခံရသူများမှာ ရွှေဇာလီကျေးရွာမှ အမျိုးသား ကိုးဦး၊ ကြည်တော်စုရပ်ကွက်မှ အမျိုးသား ငါးဦးနှင့် အမျိုးသမီး တဦး၊ မိုးမိတ်တံတားအနီးတွင် ဆယ်ကျော်သက်အမျိုးသား နှစ်ဦး ဦးခေါင်းဖြတ်ကာ သတ်ဖြတ်ခံခဲ့ရကြောင်း ထုတ်ပြန်ထားသည်။ ယင်းသတ်ဖြတ်မှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို စစ်ကောင်စီ၏ တပ်မ (၉၉) မှ တပ်သားများက ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဆိုသည်။

မိုးမိတ်မြို့တွင် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးကြောင့် ဇန်နဝါရီလအတွင်း အမျိုးသမီး ခြောက်ဦး အမျိုးသား ငါးဦး စုစုပေါင်း အရပ်သား နှစ်ဦး သေဆုံးခဲ့ကြောင်း အစီရင်ခံစာအရ သိရသည်။

မိုးမိတ်မြို့ကို ပြီးခဲ့သည့် ဇန်နဝါရီ ၁၈ ရက်နေ့တွင် ကချင်လွတ်မြောက်ရေးတပ်( KIA )နှင့် မဟာမိတ်ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဆယ်ရက်နီးပါးခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် KIA နှင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တပ်ပြန်ဆုတ်သွားခဲ့သည်။

ဇန်နဝါရီ ၂၇ ရက်နေ့မှစတင်ကာ မိုးမိတ်မြို့ပေါ်တွင် စစ်ကောင်စီမှ ပြန်လည်တပ်စွဲထားကြောင်း စစ်ကောင်စီလက်အောက်ခံ သတင်းစာများ၏ ဖော်ပြချက်များအရသိရသည်။

လက်ရှိတွင် မိုးမိတ်မြို့၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုနဲ့ ခိုးယူသူများ၏ ဖောက်ထွင်းမှုများကြောင့် မြို့ပျက်သဖွယ်ဖြစ်နေကြောင်း ဒေသံများက ပြောသည်။

မိုးမိတ်မြို့တွင်းတိုက်ပွဲကြောင့် ဒေသခံ ၆,၀၀၀ ခန့် မြို့ကို စွန့်ခွာထွက်ပြေးနေရပြီး မြို့တွင်း၌ တပ်မ(၉၉)မှ စစ်ကောင်စီတပ်သားများ တပ်စွဲထားသဖြင့် မြို့တွင်းသို့ ပြန်လည်နေထိုင်ခြင်းမရှိကြသေးကြောင်း သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)