စုကလိစခန်းသိမ်းတိုက်ပွဲ၌ ထွက်ပြေးသည့် စကစတပ်ခွဲမှူးအပါအဝင်၂၁ဦးကို ဖမ်းဆီးရမိ

ဓာတ်ပုံ – KNDO

ဟန်ထူးဇော်

(မဇ္ဈိမ)။ ။ ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်ရှိ ထိုင်း−မြန်မာနယ်စပ်တွင် အရေးပါသည့် စစ်ကောင်စီတပ်စခန်းဖြစ်သည့် စုကလိစခန်းကုန်းကို KNUနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်ပူးပေါင်းတပ်ဖွဲ့မှ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ဇွန်လ၂၁ရက်နေ့တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စခန်းစွန့်ခွာ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ခွဲမှူးအပါအဝင်၂၁ဦးကို တောထဲ၌ အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)ထံက သိရသည်။

“မုလအိတောင်ခြေဘက်ကို ပြေးတာ၊ တောထဲမှာ ပိတ်ဖမ်းလိုက်တယ်၊ နှစ်ယောက် သုံးယောက်တော့ လွတ်သွားတယ်၊ ဖမ်းမိတဲ့သူတွေကို စစ်သုံ့ပန်းဥပဒေအတိုင်း သွားပါတယ်”ဟု ကရင်ပူပေါင်းတပ်က အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံပိတ်ဆို့ ဖမ်းဆီးရခြင်းမှာ တော်လှန်ရေးတပ်ဖွဲ့များက အရပ်သားများလုံခြုံရေးအတွက် ဖမ်းဆီးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“ ထွက်ပြေးတဲ့ စကစတွေကို မရရအောင် လိုက်ဖမ်းရတယ်၊ ဘာလို့လဲဆိုရင် သူတို့က ထွက်ပြေးပြီဆိုရင် သူတို့ပြေးတဲ့ လမ်းကြောင်းက ရွာတွေကို မီးရှို့တယ်၊ အရပ်သားတွေကို ဖမ်းဆီးတာတွေ သတ်ဖြတ်တာရှိတယ်”ဟု တော်လှန်ရေးရဲဘော် တဦးက ပြောသည်။

စုကလိစခန်းကုန်းတွင် စကခ(၁၃)လက်အောက်ခံ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးသူရိန်ဦး ဦးဆောင်သည့် ခမရ(၅၆၀)တပ်ရင်းနှင့် ခလရ(၃၂)တို့ အခြေစိုက်ထားပြီး ဖမ်းဆီးရမိသူများတွင် တပ်ခွဲမှူးအဆင့်ရှိသူ DSA အပတ်စဥ်(၅၀)ဆင်း ဗိုလ်မှူးဝဏ္ဏတိုး ပါဝင်ကြောင်းသိရသည်။

“သူရိန်ဦးက စခန်းမတက်ခင် DKBA တချို့ အကူအညီနဲ့ လွတ်မြောက်သွားတယ်၊ သူတို့အပြောက(ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ) ဗျူဟာမှူး သင်တန်းပြန်တက်တယ်၊ နှစ်ပွင့် ဘော်ဒီဂတ်နဲ့ အတူ ဝေါ်လေ ဗျူဟာမှတဆင့် ရဟတ်ယာဉ်နဲ့ ဗျူဟာမှူး သင်တန်း ပြန်တက်တယ်၊ ခမရ(၅၆၀)က ဖွဲ့စည်းပုံမရှိတော့ ပျက်နေပြီး ပြီးခဲ့တဲ့ မတ်လက ကျိုက်ဒုံစခန်းကုန်း မသိမ်းခင်မှာ သူတို့ ဒုတပ်ရင်းမှူး ဗိုလ်မှူးကျော်စိုးကို ကျိုက်ဒုံမြို့မှာ ဖမ်းမိထားတယ်”ဟု ကရင်ပူးပေါင်းတပ်က အရာရှိတဦးကပြောသည်။

စုကလိစခန်းကုန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်နက်အချို့ကို မြေမြှုပ်ထားခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့မှ နယ်မြေရှင်းလင်းရာတွင် လက်နက်မျိုးစုံ ၃၇လက်၊ ကျည်မျိုးစုံနှင့် ဆက်စပ်ပစ္စည်းများစွာရရှိခဲ့ကြောင်း သိရသည်။

ယင်းစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံး ၁၄ ဦးထွက်ပြေးကာ ၂၁ ဦးဖမ်းဆီးရရှိခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ၁၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNUက သတင်းထုတ်ပြန်ထားသည်။

စုကလိစခန်းကုန်းသည် စုကလိမြို့အခြေစိုက်သည့် စခန်းတခုဖြစ်ပြီး ဝေါလေဒေသတွင် ဝေါလေဗျူဟာစခန်း၊ ကနဲလေးစခန်း၊ ဥကရစ်ထစခန်း၊ မော်ခီးစခန်း၊ ထီးကပလယ်စခန်း၊ ပလက်ဒိုစခန်း၊ သေ့ဘောဘိုးစခန်းများတည်ရှိသည်။

စာတည်း – သန့်ဇော်(သန်လျင်)