မင်းတပ်မြို့ ခလရ (၂၇၄) တပ်ရင်းကို CDF ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ဦးသေဆုံး

ရုပ်သံအညွှန်း ။ ။ ဖေဖော်ဝါရီလ ၂၇ရက်တွင် CDF -Mindat မှ ခလရ (၂၇၄)တပ်ရင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်သည့်မြင်ကွင်း (ရုပ်သံ။ CDF- Mindat)

ကိုခင်မောင်

(မဇ္စျိမ) ။ ။ ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့အခြေစိုက် ခလရ (၂၇၄)တပ်ရင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ နှစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ်(CDF – Mindat)ထံမှ သိရသည်။

ခလရ (၂၇၄)တပ်ရင်းအား ခြောက်မိုင်ခန့်အကွာမှနေ၍ ၆၀မမလက်နက်ကြီး ၁၁လုံးဖြင့် ဖေဖော်ဝါရီလ ၂၇ရက် နံနက် ၆နာရီ ၄၀မိနစ်အချိန်တွင် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ပြီး တပ်ရင်းအတွင်းရှိ အဆောက်အဦးတလုံးအား ထိမှန်ကာ မီးလောင်သွားသည်ဟု CDF – Mindatတာဝန်ရှိသူက မဇ္စျိမကိုပြောသည်။

“ပစ်ခတ်မှုမှာက တပ်တွင်းသတင်းသိရတာတော့ နှစ်ယောက်သေတယ်လို့သိရတယ်။ တပ်ရင်းမှူးနေအိမ်နားက အဆောင်မီးလောင်တယ်။ ဗဟိုကင်းပေါ်မှာလည်းကျတယ်။ ဆေးမှူးလည်း ဒဏ်ရာရတယ်လို့ သိရတယ်။ လိုင်းခန်းတချို့ ထိခိုက်ပျက်ဆီးသွားတယ်။ အထိအခိုက်လည်းတော်တော်များမယ်လို့ ကျွန်တော်တို့ယူဆတယ်ပေါ့” ဟု ၎င်းက ပြောသည်။

သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများကို စစ်ရဟတ်ယာဥ်ဖြင့် လာရောက်ခေါ်သွားသည်ဟု သိရသည်။ စစ်ကောင်စီဘက်မှထိခိုက်သေဆုံးမှုများနှင့်ပတ်သက်၍ သီးခြားအတည်ပြု၍မရသေးပေ။
တိုက်ခိုက်မှုခံရပြီးနောက် နံနက် ၇ နာရီခန့်တွင် ခလရ (၂၇၄)တပ်ရင်းအတွင်းမှ ၁၂၀မမလက်နက်ကြီးဖြင့် ရှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံမှသိရသည်။

ထိုပစ်ခတ်မှုကြောင့် လှေးကောင်းကျေးရွာမှ အသက်၁၂နှစ်နှင့် အသက်၁၆နှစ်အရွယ် ကလေးနှစ်ဦး လက်နက်ကြီးစထိမှန်ဒဏ်ရာများရရှိပြီး လူနေအိမ်တလုံးလည်း ပျက်စီးသွားကြောင်း ဒေသခံတဦးကပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၁ရက်နေ့ကလည်း စစ်ကောင်စီတပ်မှ ၁၂၀မမ ဟောင်ဝေဇာလက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် မင်းတပ်မြို့နယ်၊တိုက်နယ် (၃)ရှိ ငရှောင်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ဒေသခံတဦးထိခိုက်ဒဏ်ရာရရှိကာ လူနေအိမ်နှစ်လုံးပျက်စီးခဲ့သည်။

ခလရ(၂၇၄) မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယခုလအတွင်း ကျေးရွာဖက်များသို့ ဝင်ထွက်သွားလာနေကြသည့်အပြင် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများ၊ ပြည်သူများကိုဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေသည့်အတွက် သက်ဆိုင်ရာ ကာကွယ်ရေးအဖွဲ့များ၏ထုတ်ပြန်ချက်များကို လိုက်နာပေးကြပါရန် CDF-Mindat သတင်းပြန်ကြားရေးနှင့်မှတ်တမ်းဌာနက ဖေဖော်ဝါရီလ ၂၇ရက်တွင် သတိပေးထားသည်။

စာတည်း – အေးချမ်း