စလင်းမြို့နယ်တွင် စစ်ကောင်စီလေတပ်မှ တိုက်လေယာဥ်ပျက်ကျ

ယနေ့ ဖေဖော်ဝါရီ ၂၉ရက်နေ့တွင် စလင်းမြို့နယ်တွင် ပျက်ကျသွားသောလေယာဥ် အပိုင်းအစများမြင်ကွင်း/ ဓာတ်ပုံ CJ

ကိုခင်မောင်၊ MTO

(မဇ္စျိမ)။ ။မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း စစ်ကောင်စီလေတပ်မှ တိုက်လေယာဥ် တစင်းပျက်ကျခဲ့ကြောင်း ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂၉ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်က ဇယ်တွင်းကျေးရွာအနောက်ဘက်ခြမ်း ကြိုးဝန်း ကျေးရွာအနီးလယ်ကွင်းထဲတွင် စစ်ကောင်စီလေတပ်မှ တိုက်လေယာဥ်တစင်းပျက်ကျခဲ့ခြင်းပြီး လေယာဥ် မောင်းသူနှစ်ဦး လေထီးဖြင့်ခုန်ဆင်းကာ လွတ်မြောက်သွားကြောင်း မင်းဘူးခရိုင် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူမှ မဇ္စျိမအားပြောသည်။

“လေယာဥ်ကတော့ လေ့ကျင့်ပျံသန်းရင်း ပျက်ကျတာလို့ သိရပါတယ်။ လယ်ကွင်းထဲ ပျက်ကျသွားတယ်။ ထိုးကျတော့ မီးလောင်သွားတယ်။ မီးလောင်ပြီးနောက်လေယာဥ်က နှစ်ပိုင်းပြတ်သွားတယ်။

အပိုင်းပိုင်း တွေလွင့်စင်သွားတဲ့ အနေအထားမျိုးပေါ့။ လေယာဥ်ပေါ်မှာလိုက်ပါလာတဲ့ မောင်းနှင်းသူတွေကတော့ လေထီးနဲ့ခုန်ထွက်သွားပြီး သူချက်ခြင်းဆိုသလို လာခေါ်သွားတယ်။ စစ်ကောင်စီတပ်ကပဲ လာခေါ်သွား တာပါ” ဟု မင်းဘူးခရိုင်-ပကဖ တာဝန်ရှိသူ ကိုအညာသားက ပြောသည်။

“မကွေးလေတပ်ကနေလာတာ၊ စမ်းသပ်ပျံသန်းရင်း စက်ချို့ယွင်းပြီးပျက်ကျတာလို့ သိရတယ်။ လေယာဉ် မှူးနှစ်ဦးက လေထီးနဲ့ ခုန်ထွက်သွားတယ်လို့ သိထားတယ်” ဟု စလင်းမြို့နယ် ပကဖမှ သတင်းနှင့်ပြန် ကြား ရေးတာဝန်ခံက မဇ္ဇျိမကို ပြောသည်။

အဆိုပါ လေယာဉ်ပျက်ကျခဲ့သည့် နေရာသည် စလင်းမြို့နယ် အခြေစိုက်တပ်များ ဖြစ်သည့် ခလရ (၂၅၃) ၊ (၂၅၄) ၊ (၂၅၅) စသည့် တပ်များအနီးတွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း စလင်း ပကဖ သတင်းတာဝန်ခံက ဆို သည်။

“လေယာဉ်ပျက်ကျခါစက စစ်ကောင်စီဖက်ကလေယာဉ်နဲ့ရှာတယ်။ ဒါပေမယ့်နေရာက ခြေလျင်တပ်ရင်း နဲ့အရမ်းနီးတဲ့ အခါကျတော့ စလင်းမြို့ ရဲစခန်းနဲ့ ကြည်းတပ်တွေက ကုန်းကြောင်းကနေ ရှာဖွေတာတွေ လုပ်နေတယ်” ဟု ပြောသည်။

လေယာဉ်ပျက်ကျသည့် နေရာသည် စလင်းမြို့နှင့်ငါးမိုင်သာကွာဝေးပြီး စစ်ကောင်စီတပ် ထိန်းချုပ် နယ်မြေအတွင်း၌ရှိသည့်အတွက် ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် သွားရောက်အတည်ပြုနိုင်ဖို့ အခက်အခဲ ရှိကြောင်း စလင်း ပကဖ တာဝန်ရှိသူ က ဆိုသည်။

လက်ရှိ၌ လေယာဉ်ပျက်ကျရာနေရာတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ၊ ခြေလျင်တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ ဝင်များ ရောက်ရှိနေပြီး လုံခြုံရေးတင်းကြပ်ထားပြီး ရဟတ် ယာဉ်များ နှင့် ပါ ပျံသန်း စောင့် ကြည့်နေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်၏ လေ့ကျင့်ရေးလေယာဥ် ပျက်ကျခဲ့သောနေရာသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ စိုးမိုးနယ်မြေမဟုတ်သည့်အတွက်ကြောင့် လေယာဥ်မောင်းနှင်သူနှစ်ဦးကို စစ်ကောင်စီတပ်ဘက်မှ ချက် ချင်းခေါ်ထုတ်သွားနိုင်ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

ယခုလေယာဉ်ပျက်ကျမှုသသည် ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီလေတပ်မှ ငါးစီးမြောက် လေယာဉ်ပျက် ကျမှုဖြစ်ပြီး ဒုတိယမြောက် တိုက်လေယာဉ်ပျက်ကျမှုဖြစ်သည်။

စာတည်း။ ။စောဖေ