ကလေးဝမြို့နယ် မဟာမြိုင်လမ်းပိုင်းကို ကာကွယ်ရေးတပ်ဖွဲ့ လုံခြုံရေးစစ်ဆေး

မဟာမြိုင်ကားလမ်းမကြီး ကလေးဝမြို့အနီး တစ်နေရာမှာ လုံခြုံရေးဆောင်ရွက်နေစဥ်။ ဓာတ်ပုံ။ ။ Kalewa PDF

မဟာမြိုင်ကားလမ်းမကြီး ကလေးဝမြို့အနီး တစ်နေရာမှာ လုံခြုံရေးဆောင်ရွက်နေစဥ်။ ဓာတ်ပုံ။ ။ Kalewa PDF

ကိုခင်မောင်

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ကလေးဝမြို့နယ်ရှိ မဟာမြိုင်ကားလမ်းမကြီးအား လုံခြုံရေးစစ်ဆေးမှုများဆောင်ရွက်သည်ဟု ကလေးခရိုင် အမှတ် (၉) တပ်ရင်း (Kalewa PDF) က ယမန်နေ့ ဇန်နဝါရီလ ၅ရက်တွင် သတင်းထုတ်ပြန်သည်။

“နေ့စဥ်လှုပ်ရှားမှုပါဗျ၊ အခုရက်ပိုင်းထဲတော့ ပိုပြီး ဂရုစိုက်နေရပါတယ်။စစ်တပ်စခန်း တခုကို ရိက္ခာတွေနဲ့ လက်နက်ခဲယမ်း ဖြတ်တောက်ထားတာမို့ပါ။ ခရီးသည်ကားတွေ ကုန်ကားကြီးတွေနဲ့ အရင်ကလည်း ခိုးဝှက်ပို့တတ်လို့ သတိထားစစ်နေတာပါ” ဟု ကလေးခရိုင် အမှတ် (၉) တပ်ရင်း (Kalewa PDF) မှ တာဝန်ရှိသူက ဆိုသည်။

ကလေးဝမြို့အနီး ၊ စစ်ကိုင်း – ရွှေဘို – ရေဦး – တန့်ဆည် – ကလေးဝ ၊ မဟာမြိုင်ကားလမ်းမကြီးပေါ်တွင် ယခုရက်ပိုင်းအတွင်း ခရီးသည်ကားများနှင့် ကုန်ကားကြီးများဖြင့် အောင်ချမ်းသာနယ်မြေရဲစခန်းသို့ စစ်ကောင်စီတပ်မှ လက်နက်ခဲယမ်းများ ပို့ဆောင်ပေးနေသောကြောင့် သတိထားစစ်နေခြင်းဖြစ်ကြောင်း Kalewa PDFမှ တာဝန်ရှိသူတဦးက မဇ္စျိမသို့ ပြောသည်။

အောင်ချမ်းသာနယ်မြေရဲစခန်းတွင် စစ်တပ် ၊ ရဲ နှင့်ပျူစောထီးဆိုသူများ ၄၀ ကျော်ဖြင့် တပ်စွဲအထိုင်ချထားပြီး ၂၀၂၃ခုနှစ်၊ သြဂုတ်လမှစ၍ တော်လှန်းရေးတပ်ဖွဲ့များက ထိုစခန်းအား ရိက္ခာနှင့် လက်နက်ခဲယမ်းများ ဖြတ်တောက်နေခြင်းဖြစ်ကြောင်း ကလေးခရိုင် အမှတ် (၉) တပ်ရင်း (Kalewa PDF)ထံက သိရသည်။

တော်လှန်ရေးတပ်ဖွဲ့များက အောင်ချမ်းသာနယ်မြေရဲစခန်းအား သြဂုတ်လပိုင်းတွင် တကြိမ် နိုဝင်ဘာလပိုင်းတွင် တကြိမ် စခန်းသိမ်းရန် ကြိုးစားခဲ့သော်လည်း မရရှိသေးပေ။

စစ်ကောင်စီက အဆိုပါ အောင်ချမ်းသာနယ်မြေရဲစခန်းသို့ ၂၀၂၃ခုနှစ် သြဂုတ်လတွင် MI17 ရဟတ်ယာဥ်ဖြင့် စစ်ကူများ ပို့‌ပေးခဲ့ပြီး စက်တင်ဘာလပိုင်းတွင်လည်း ကလေးဝမြို့ဘက်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် အားအင် ၁၀၀ ခန့်က ခြေလျင်လျှောက်ကာ စစ်ကူအဖြစ် လာရောက်ပြီး အင်အားထပ်မံဖြည့်တင်းခဲ့သည်ဟု (Kalewa PDF) မှ တာဝန်ရှိသူက ဆိုသည်။

“စစ်ကူလာတဲ့ နှစ်ခါလုံးမှာ ရက်ပေါင်း ၂၀လောက် စခန်း ခံစစ်ကို ပြုပြင် ပြင်ဆင် ရိက္ခာလက်နက်ခဲယမ်းဖြည့်တင်းပြီးရင် ပြန်ဆုတ်သွားကြတာပါ။ အဲ့စခန်းရဲ့တောင်ဘက်နှစ်မိုင်မှာက ဆင်အိုင်မ ပျူစောထီးစခန်းရှိပါတယ်” ဟု အဆိုပါတာဝန်ရှိသူက ဆက်ပြောသည်။

ယခုကဲ့သို့ လမ်းပိုင်းစစ်ဆေးနေစဥ် စစ်ကောင်စီတပ်နှင့်ပတ်သက်သော စာရွက်စာတမ်းအချို့ သိမ်းဆည်းရရှိခဲ့ဖူးကြောင်း၊ အောင်ချမ်းသာနယ်မြေရဲစခန်းရှေ့ရှိ လမ်းခွဲမှသွားလျှင် မော်လိုက်မြို့ ၊ဟုမ္ပလင်းမြို့ဘက်သို့ ဆက်သွား၍ ရကြောင်းလည်း ၎င်းထံမှ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၂ရက်နေ့တွင် ကလေးဝမြို့နယ် ၊အောင်ချမ်းသာနယ်မြေရဲစခန်းရှိ စစ်ကောင်စီတပ်များ၏ လက်နက်ကြီး ၊လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာအနီးရှိ ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သေးသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး