မဖွယ်မရာ အပြုအမူကြောင့် ရော်နယ်လ်ဒိုကို ဆော်ဒီဘောလုံးအဖွဲ့ချုပ် ပြစ်ဒဏ်ချမှတ်

By PKThawn

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ တပတ်ကုန်က ကွင်းတွင်းမှာ သည်းမခံနိုင်တော့တဲ့အဆုံး မဖွယ်မရာ ပြုလုပ်ခဲ့တာကြောင့် ဆော်ဒီအာရေးဗီးယား ဘောလုံးအဖွဲ့ချုပ်က သူ့ကို တပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။

ဆော်ဒီအာရေးဗီးယားဘောလုံးအဖွဲ့ချုပ်က အယ်လ်နာဆာအသင်းခေါင်းဆောင်ကို ဒီအပြုအမူအတွက် စုစုပေါင်း ရီယယ် ၃၀,၀၀၀ (ဒေါ်လာ ၈,၀၀၀) ဒဏ်ရိုက်ခဲ့ပါတယ်။ ပြိုင်ပွဲအတွင်း လူထု အုံကြွမှု တားမြစ်တဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တာကြောင့်ပါ။

ဒီဆုံးဖြတ်ချက်ကို အယူခံဝင်လို့ မရပါဘူး။

အယ်လ်ရှာဘတ်ကို ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲမှာ ရော်နယ်လ်ဒိုက သူ့ရဲ့ ကာလရှည်ပြိုင်ဘက် မက်ဆီရဲ့ နာမည်ကို အော်ဟစ်လှောင်ပြောင်နေတဲ့ ပရိသတ်ဘက်ကို တုံ့ပြန်တဲ့အနေနဲ့ တကိုယ်ရေ အာသာဖြေသလို ကြိမ်ဖန်များစွာ အပြုအမူလုပ်ပြသတဲ့ ဗီဒီယို ထွက်ပေါ်လာတာပါ။ ဒါပေမယ့် ဒီအဖြစ်အပျက်ကို ရုပ်သံကင်မရာတွေကတဆင့် ဖမ်းမိခဲ့ခြင်းမရှိခဲ့ပါဘူး။

ဒီအကြောင်းအရာဟာ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး ဆော်ဒီလူမှုမီဒီယာမှာ trending ဖြစ်တဲ့ အကြောင်းအရာတွေရဲ့ ထိပ်ဆုံးကို ရောက်နေခဲ့တာပါ။

ရော်နယ်လ်ဒိုက သူဟာ ဘောလုံးအသင်းအားလုံးကို လေးစားကြောင်း ပြောကြားခဲ့သလို ဒီအပြုအမှုဟာ ပြစ်မှုကျူးလွန်မှုမဟုတ်ဘဲ ခွန်အားနဲ့ အောင်ပွဲခံမှုဖြစ်တယ်လို့ ဖော်ပြခဲ့ပြီး ဥရောပမြေမှာ ဒီလိုအောင်ပွဲခံမှုကို လက်ခံနိုင်ဖွယ်ရှိတယ်လို့ ယူဆကြောင်း အားကစားသတင်းစာ အလ်-ရီယာဒီယာက ပြောပါတယ်။

အသက် ၃၉ နှစ်ရှိပြီဖြစ်တဲ့ ယူအီအက်ဖ်အေချန်ပီယံလိဂ် ငါးကြိမ်ရ ကစားသမားဟာ ၂၀၂၃ ဇန်နဝါရီလမှာ အယ်လ်နာဆာနဲ့ စာချုပ်ပြီးချိန်က ဆော်ဒီကို ပြောင်းရွှေ့ခဲ့တဲ့ ပထမဆုံး အဓိကကစားသမားဖြစ်ခဲ့တာပါ။

ဆော်ဒီပရိုလိဂ်ကလပ်အသင်းတွေဟာ နာမည်ကြီးကစားသမားတွေကို ဆွဲဆောင်ဖို့အတွက် ငွေကြေးသုံးစွဲမှုပိုင်းမှာ အရှိန်အဟုန်ဖြင့် လုပ်ဆောင်နေပါတယ်။ နိုင်ငံဟာ ကမ္ဘာလုံးဆိုင်ရာ အားကစားကဏ္ဍကို ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်မှုရဲ့ တစိတ်တပိုင်းအနေနဲ့ ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံဖို့ အစီအစဉ်ရှိနေတာဖြစ်ပါတယ်။

Ref; AFP