ပရီးမီးယားလိဂ် ထိပ်ဆုံးမှာ ရပ်တည်နိုင်မယ့် အခွင့်အရေး အာဆင်နယ် လက်လွှတ်ခဲ့ရ

AFP – အာဆင်နယ်အသင်းဟာ ကြာသပတေးနေ့မှာ ဝက်စ်ဟမ်းကို ၂-၀ ဂိုးဖြင့် အရေးနိမ့်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ဇယားထိပ်ကို ပြန်လည် ရယူနိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရပါတယ်။

အာတီတာရဲ့ ဂန်းနားတို့ဟာ ခရစ္စမတ်မှာ နှစ်နှစ်ဆက်တိုက် ထိပ်ဆုံးကနေ ဦးဆောင်ခဲ့ပေမယ့်လည်း လီဗာပူးလ်က ရာသီဝက်မှာ နှစ်မှတ်ဖြတ်ကာ ထိပ်ဆုံးကနေ  ဦးဆောင်နေပါတယ်။

မနှစ်က ဒုတိယနေရာက အာဆင်နယ်ဟာ အမ်းမရိတ်စ်မှာ ပွဲကို ကြီးစိုးထားပြီး ဂိုးပေါက် ကန်သွင်းမှုတွေ ခြိမ်းခြောက်မှုတွေ အများအပြား လုပ်နိုင်ခဲ့တယ်ဆိုပေမယ့် တိုက်စစ် ကစားသမားတွေရဲ့ အဆုံးသတ် စွမ်းရည်က ဆိုးရွားခဲ့ပါတယ်။ ဧည့်သည် ဝက်စ်ဟမ်းကတော့ သောမတ် ဆူချက်ခ်နဲ့ အသင်းရဲ့ကစားသမားဟောင်း မာဗရိုပါနော့စ်တို့ရဲ့ နိုင်ပွဲရယူသွားခဲ့တာပါ။

ပွဲချိန် ၁၃ မိနစ်မှာ ဂျာရဒ် ဘိုဗင်ရဲ့ ဖြတ်တင်ပေးပို့မှုကနေ ဆူချက်ဇ်က အဖွင့်ဂိုးယူခဲ့ပါတယ်။ ဘိုဗင် ဖြတ်တင်ချိန်မှာ ဘောလုံးဟာ ဂိုးစည်ကျော်မကျော် VAR က အချိန်အတော်ကြာ စစ်ဆေးခဲ့ပြီးနောက်မှာတော့ ဂိုးအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။

အာဆင်နယ်ဟာ အဆက်မပြတ်နဲ့ တိုက်စစ်ဆင်ခဲ့ပြီး ဝက်စ်ဟမ်း ဂိုးသမား အယ်လ်ဖွန်စ် အာရီအိုလာက ပထမပိုင်းမှာ ဘူကာယိုဆာကာ ခေါင်းတိုက်ချက်ကို ကာကွယ်မှု ကောင်းကောင်းလုပ်ခဲ့ပါတယ်။

ဂန်းနားတွေက ချေပဂိုးရရှိဖို့ အဖြေရှာခဲ့ပေမယ့် ဂျိမ်းဝက်ပရောက်စ်ရဲ့ထောင့်ကန် ဖြတ်တင်ဘောကိုမာဗရိုပါနော့စ်က သွင်းယူလာချိန်မှာတော့ သူတို့တွေ ၂-၀ ဂိုးဆိုတဲ့ရလဒ် အရှုံးကို ကြုံတွေ့သွားခဲ့ပါတယ်။

အာဆင်နယ်တို့ဟာ ဝက်စ်ဟမ်းရဲ့ သွင်းဂိုးတွေကို ဆက်လက် ချေပခဲ့ကြိုးစားခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့ဘဲ ဘန်ရာမာကသာ နောက်ကျ ပင်နယ်တီကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့မယ်ဆိုရင် ဂန်းနားတို့အတွက် ပိုဆိုးသွားနိုင်ပါတယ်။

ဒီရှုံးပွဲကြောင့် အာဆင်နယ်က အက်စတွန်ဗီလာနဲ့ လက်ကျတပွဲရှိတဲ့ မန်စီးတီးရဲ့အထက် ၃ မှတ်အသာရမှတ် ၄၀ အနေအထားနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

အာတီတာက သူ့ရဲ့ အသင်းဟာ ပွဲကို လွှမ်းမိုးနိုင်မှုအတွက် ပိုပြီးထိုက်တန်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ ထိပ်ဆုံးမှာ ရပ်တည်ချင်ပြီး ဒီနေ့ အလွန်စိတ်ပျက်မိတယ်”လို့ သူ BBC ကို ပြောခဲ့ပါတယ်။

“ကျနော်တို့ဟာ ပွဲကို အလွန့်အလွန် လွှမ်းမိုးနိုင်ခဲ့တယ်။ တကယ့်ကို ကောင်းမွန်တဲ့ အနေအထားမှာ ရှိနေတယ်။ ဒီနေ့ဟာ စိတ်ပျက်စရာ ညတညပါပဲ။ ဖူလ်ဟမ်နဲ့ ပွဲကြီးတပွဲအတွက် ကျနော်တို့ ကိုယ်တိုင် အရှုံးကနေ ပြန်လာနိုင်ရပါမယ်။”

“ကစားသမားတွေက ကြီးမားတဲ့ အားထုတ်မှုတွေ လုပ်ခဲ့တယ်။ အခုအဝတ်လဲခန်းက အခက်ကြုံနေပေမယ့် ကျနော်တို့မှာ ၇၂ နာရီအတွင်း နောက်ထပ်ကစားစရာ တပွဲရှိပါတယ်။ ဒါက ဘောလုံးပါပဲ၊ တချို့နေရာတွေမှာ ကျနော်တို့ တိုးတက်ဖို့ လိုပါတယ်။”

ဝက်စ်ဟမ်းအသင်းနည်းပြ ဒေးဗစ်မိုရက်စ်က အမှတ်ပေးဇယားရဲ့ အဆင့် (၆) နေရာအထိ တက်လာတဲ့အတွက် သူ့ရဲ့အသင်းကို ဂုဏ်ပြုခဲ့ပါတယ်။

“ကျနော်တို့ဟာ ထိပ်တန်းအသင်းတွေထဲက အသင်း တသင်းမဟုတ်ပါဘူ။ ကျနော်တို့ဟာ အသင်းကို တိုးတက်ကြီးထွားလာအောင်ကြိုးပမ်းနေတယ်။ ဝက်စ်ဟမ်း (သူတို့ရဲ့ ယူရိုပါလိဂ်အုပ်စုထိပ်ဆုံးမှာ ရပ်တည်မှု)ဟာ အရမ်းကောင်းတဲ့ ကာလပါပဲ။”လို့ သူက Amazon Prime ကို ပြောဆိုခဲ့ပါတယ်။