ကြာပွတ်ဖြင့် တိုက်ခိုက်မှုဖြစ်ရပ်အပြီး ဘောလုံးပရိသတ်စည်းမျဉ်းများကို ဆော်ဒီ ပြန်လည်သုံးသပ်

By PKThawn

ပွဲကြည့်ပရိသတ်တဦးက ကစားသမားတဦးကို ကြာပွတ်ဖြင့် လှမ်းရိုက်ခဲ့တဲ့ “အရှက်ရဖွယ်” တိုက်ခိုက်မှုတခုအပြီးမှာ ဆော်ဒီအာရေးဗီးယားဘောလုံးအဖွဲ့ချုပ် (SAFF)ဟာ ပရိသတ်ကျင့်ဝတ်စည်းမျဉ်းကို ပြန်လည်သုံးသပ်ဖို့ ကတိပြုလိုက်ပါတယ်။

အဆိုပါဖြစ်ရပ်ဟာ ဧပြီ ၁၁ ရက်၊ ကြာသပတေးနေ့မှာ ဆော်ဒီကလပ်တွေဖြစ်တဲ့ အယ်လ်အီတီဟဒ်နဲ့ အယ်လ်ဟီလာလ်တို့ရဲ့  အဘူဒါဘီက ဆော်ဒီစူပါဖလားပွဲစဉ်အတွင်း ဖြစ်ပွားခဲ့တာပါ။

မော်ရိုကိုနိုင်ငံသား အယ်လ်အီတီဟဒ်တိုက်စစ်မှူး ဟမ်ဒါလာနဲ့ ပွဲကြည့်စင်က Thobe ရိုးရာဝတ်ရုံဝတ်ဆင်ထားတဲ့ ပရိသတ်တဦးအကြား အပြန်အလှန် တင်းမာမှုဖြစ်ခဲ့တာကို အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်မှာ တွေ့ရပါတယ်။ ဟမ်ဒါလာက ပွဲကြည့်စင်ဘက်ကို ရေနဲ့ လှမ်းပတ်လိုက်တဲ့နောက်မှာ အဆိုပါပရိသတ်က သူ့ကို ကြာပွတ်နဲ့တူတဲ့ အရာတခုနဲ့ ရိုက်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ပရိသတ်တွေနဲ့ ကစားသမားတွေက သူတို့နှစ်ဦးကို ခွဲထုတ်ဖို့ ကြားဝင်ခဲ့ရပါတယ်။

ဟမ်ဒါလာက ပွဲချိန် ၂၁ မိနစ်မှာ ဂိုးသွင်းယူပေးခဲ့ပေမယ့် သူ့အသင်းက ၄-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

“အရှက်ရဖွယ်ရာ မြင်ကွင်းတွေကြောင့် တုန်လှုပ်ခဲ့ရကြောင်း” နဲ့ မိမိတို့ရဲ့ ဦးစားပေးက ပွဲစဉ်တွေမှာ လူတိုင်းရဲ့ ဘေးကင်းမှုကို သေချာစေဖို့ဖြစ်ကြောင်း SAFF နဲ့ ဆော်ဒီအာရေးဗီးယား ဘောလုံးကစားသမားများအဖွဲ့က သီတင်းပတ်ကုန်မှာ ထုတ်ပြန်ခဲ့ပါတယ်။

“ဆော်ဒီအာရေးဗီးယားမှာ ဘောလုံးပွဲဆိုတာ မိသားစုပွဲတခုဖြစ်ပြီး ပရိသတ်အနှောက်အယှက်ဆိုတာ အလွန်ဖြစ်ခဲလှပါတယ်။ ဒါ့ကြောင့် ဒီပရိသတ်ရဲ့လုပ်ရပ်တွေက ဆော်ဒီဘောလုံးကိုယ်စားပြုသူအားလုံးကို ဆန့်ကျင်တာဖြစ်တယ်။ ကျနော်တို့ဟာ ဒီဖြစ်ရပ်ကို လုံးဝရှုတ်ချပါတယ်”လို့ တနင်္ဂနွေနေ့ရက်စွဲဖြင့် ထုတ်ပြန်ချက်မှာ ပြောပါတယ်။ 

“ပရိသတ် ကျင့်ဝတ်စည်းမျဉ်းကို စေ့စေ့စပ်စပ် ပြန်လည်သုံးသပ်သွားပါမယ်။ နောက်မှာ ဒီလိုဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားရလေအောင် အထောက်အကူဖြစ်စေရေးအတွက် သင့်လျော်တဲ့ ပြစ်ဒဏ်တွေကို လျင်မြန်ထိရောက်စွာ ချမှတ်နိုင်ဖို့ မွမ်းမံပြင်ဆင်ထားတဲ့ စည်းကမ်း၊ စည်းမျဉ်းတွေကို ပြန်လည်သုံးသပ်ခြင်းက ခိုင်မာစေမှာဖြစ်ပါတယ်။”

ဆော်ဒီအာရေးဗီးယားဟာ ဘောလုံးလောကမှာ ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်လာဖို့ အရှိန်အဟုန်မြှင့်လုပ်ဆောင်လျက်ရှိပါတယ်။

ယင်းက ၂၀၃၄ မှာ ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ကမ်းလှမ်းထားတဲ့ တခုတည်းနိုင်ငံဖြစ်ပြီး ဆော်ဒီပရိုလိဂ်ဟာ ခရစ္စတီယာနိုရော်နယ်လ်ဒို၊ နေမာနဲ့ ဘန်ဇီမာတို့အပါအဝင် ထိပ်တန်းကြယ်ပွင့်တွေကို ဆွဲဆောင်ဖို့အတွက် အလွန်များပြားတဲ့လုပ်ခလစာတွေနဲ့ ကမ်းလှမ်းထားတာဖြစ်ပါတယ်။

(AFP)