အိန္ဒိယက စစ်ကောင်စီထံ စစ်ဘက်သုံးပစ္စည်းများရောင်းချနေဟု JFM ပြော

ပုံအညွှန်း- အင်အားပြနေသော စစ်ကောင်စီတပ်၏ လက်နက်ကြီးများကိုတွေ့ရစဉ်) (ပုံဟောင်း)

ပုံအညွှန်း- အင်အားပြနေသော စစ်ကောင်စီတပ်၏ လက်နက်ကြီးများကိုတွေ့ရစဉ်) (ပုံဟောင်း)

001

(မဇ္ဈိမ)။ ။ အိန္ဒိယလေတပ်နှင့် အစိုးရပိုင်လုပ်ငန်းကြီးများ (PSUs)သည် စစ်ကောင်စီ၏ လေတပ်နှင့် ရေတပ်အတွက် စက်ပစ္စည်းများနှင့် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို တရားမဝင်ရောင်းချပေးနေကြောင်း Justice for Myanmar က ယမန်နေ့ မတ်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်ပြောဆိုသည်။

စစ်တပ်၏ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း ၎င်းတို့ထံ စစ်ဘက်သုံး ပစ္စည်း ၊ နည်းပညာနှင့် လောင်စာဆီရောင်းချထားသော သို့မဟုတ် တရားမဝင် စစ်အုပ်စုနှင့် စီးပွားရေးလုပ်ဆောင်ရန် အားထုတ်မှုများကို ထုတ်ဖော်ပြောကြားထားသည့် အိန္ဒိယအစိုးရပိုင်လုပ်ငန်းကြီးများ(PSUs) ၁၀ ခုကို ဖော်ထုတ်ထားကြောင်း Justice for Myanmar က ဆိုသည်။

ထိုအထဲမှ အများစုသည် အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ လုပ်ငန်းများဖြစ်ကြောင်း သိရသည်။

JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ အိန္ဒိယအစိုးရနဲ့ ၎င်းရဲ့ PSUs တွေအနေနဲ့ မြန်မာစစ်တပ်ကို စစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်းများ တပ်ဆင်ပေးနေမှုကို ရပ်တန့်ရပါမယ်။ ဒါက စစ်တပ်ရဲ့ နိုင်ငံတဝန်း အကြမ်းဖက်စစ်ဆင်ရေးကို အားပေးကူညီနေတာဖြစ်ပါတယ်” ဟု ပြောသည်။

ထိုသို့ စစ်ဘက်သုံးပစ္စည်းများ ထောက်ပံ့ကူညီခြင်းအားဖြင့် အိန္ဒိယအနေဖြင့် စစ်ကောင်စီ၏ အရပ်သားပြည်သူများအပေါ် တိုက်ခိုက်မှုများကိုတိုက်ရိုက်ပံ့ပိုးကူညီနေခြင်းဖြစ်ပြီး စစ်ကောင်စီကျူးလွန်နေသည့် နိုင်ငံတကာရာဇဝတ်မှုများတွင် အိန္ဒိယကို ကြံရာပါစေမည်ဖြစ်ကြောင်း မရတနာမောင်က ဆိုသည်။

အိန္ဒိယလေတပ်အနေဖြင့် ပြီးခဲ့သည့် ဇန်နဝါရီလတွင် စစ်ကောင်စီ၏ လေတပ်ထံ ကုန်ပစ္စည်းအမျိုးပေါင်း ၅၂ မျိုးကိုပေးပို့ခဲ့ပြီး အဆိုပါ ပစ္စည်းများသည် အလိုအလျောက် တိုင်းတာနိုင်သည့် မိုးလေဝသအထိုင်စက်(AWS)တခုသော်လည်းကောင်း ၊ အများအပြားသော်လည်းကောင်း ဖြစ်ပုံရသည်ဟု JFM က ထုတ်ပြန်ထားသည်။

ထို့မတိုင်မီ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင်လည်း မိုးလေဝသဆိုင်ရာစက်ပစ္စည်းများ တပ်ဆင်ရန်အတွက် မြန်မာနိုင်ငံသို့ အိန္ဒိယလေတပ်မှ စစ်သည် ၁၅ ဦးစေလွှတ်ခဲ့ကြောင်း သိရသည်။

အခြားအသုံးချမှုများရှိစေကာမူ AWS မှ ရရှိသည့် အချက်အလက်များသည် လေကြောင်းတိုက်ခိုက်မှုများအတွက် အချိန်တွက်ဆမှုများ၊ အသုံးပြုလေယာဉ်အမျိုးအစားနှင့် လက်နက်အမျိုးအစား ရွေးချယ်မှုများအတွက် အဆုံးအဖြတ်ပေးနိုင်ကြောင်း JFM က ထောက်ပြသည်။

ထို့ပြင် PSUs များမှ မြန်မာရေတပ်အတွက် ၈၁ မီတာ ကမ်းရိုးတန်းကင်းလှည့်စစ်ရေယာဉ်များအတွက် တွန်းကန်အားစက်တခုရောင်းချပေးရန် ၂၀၂၁ ခုနှစ် ​အောက်တိုဘာလအတွင်း စာချုပ်ချုပ်ဆိုခဲ့ခြင်း၊ တိုက်လေယာဉ် MiG အပိုပစ္စည်းများကို တင်ပို့ထားခြင်း၊ ယခုနှစ် ဇန်နဝါရီတွင် ရေကြောင်းရေဒါလက်ခံစက်အတွက် ပတ်လည်ကြည့်လုံခြုံရေးကင်မရာတလုံးအပါအဝင် စစ်တပ်က နောက်ဆုံးလက်ဝယ်အသုံးပြုနေသည့် ပစ္စည်း အများအပြားကို မြန်မာစစ်တပ်၏ ပစ္စည်းဝယ်ယူမှု ညွှန်ကြားမှူးရုံးထံ ပေးပို့ခဲ့ကြောင်းလည်း JFM က ဖော်ထုတ်ထားသည်။

ထို့ပြင် အိန္ဒိယနှင့် ရုရှားနိုင်ငံတို့အကြား ဖက်စပ်လုပ်ငန်းတခုဖြစ်သည့် BrahMos Aerospace Private Limited သည် စစ်ကောင်စီထံ ဒုံးကျည်များတင်ပို့မှုနှင့် ဆက်စပ်ဆိုင်းငံ့နေသည့် ဘဏ္ဍာရေးအခြေအနေများအပေါ် ဆွေးနွေးထားသည်များအား ထုတ်ပြန်ကြေညာထားပြီး BrahMos Aerospace ၏ စီအီးအိုကလည်း စစ်အုပ်စုထံ အဆိုပါ ရောင်းချမှုကို ဆက်လက်လုပ်ဆောင်နိုင်ရေးအတွက် အိန္ဒိယ Credit Lineတခုမှ ဘဏ္ဍာငွေရယူသုံးစွဲရန် လိုအပ်မည်ဖြစ်ကြောင်း ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်းက ရုရှားနိုင်ငံပိုင်မီဒီယာသို့ ပြောဆိုထားကြောင်း သိရသည်။

ထို့ကြောင့် အိန္ဒိယနိုင်ငံအနေဖြင့် စစ်ကောင်စီထံ စစ်လက်နက်ရောင်းချမှု ပိတ်ပင်ရေးကို ချက်ချင်းပြဋ္ဌာန်းသတ်မှတ်ရန်နှင့် စစ်ဘက်ဆိုင်ရာ လေ့ကျင့်သင်တန်းများနှင့် အခြားစစ်ရေးပံ့ပိုးမှုအားလုံးကို ရပ်ဆိုင်းရန် တောင်းဆိုကြောင်း JFM က ထုတ်ပြန်ထားသည်။

အိန္ဒိယ ပုဂ္ဂလိကနှင့် အစိုးရ ကာကွယ်ရေးဆိုင်ရာ ကုမ္ပဏီများအနေဖြင့် စစ်ကောင်စီနှင့် တိုက်ရိုက်သော်လည်းကောင်း၊ မြန်မာနိုင်ငံရှိ ဟန်ပြ ကုမ္ပဏီများမှ တဆင့်သော်လည်းကောင်း စီးပွားရေးလုပ်ဆောင်မှုများ ချက်ချင်းရပ်တန့်ရန်နှင့် နောက်ထပ်စစ်လက်နက်နှင့် ဆက်စပ်ပစ္စည်းများ တင်ပို့ရန် သဘောတူညီမှုမှန်သမျှကို ရပ်ဆိုင်းရန်လည်း JFM ကတောင်းဆိုထားသည်။

စာတည်း – သန့်ဇော်(သန်လျင်)