ဖယ်ခုံတွင် စစ်ကောင်စီတပ်လက်နက်ကြီးကြောင့် ကလေးငယ်အပါအဝင် အမျိုးသမီး ၄ဦး သေဆုံး

သေဆုံးသူများ (KnHRG)

ဂျူချန်း

မဇ္ဈိမ။ ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ရွှေစမ်းကျေးရွာတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် တနှစ်အရွယ် ကလေးငယ်နှင့် ၁၅ နှစ်အရွယ် မိန်းကလေးငယ်အပါအဝင် အမျိုးသမီး လေးဦး သေဆုံးခဲ့ရကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHR) မှ ယနေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်တွင် ဖယ်ခုံမြို့နယ် ရွှေးစမ်းကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ သေဆုံးသူများမှာ အသက် တနှစ်အရွယ်၊ အသက် ၁၅ နှစ်အရွယ်၊ အသက် ၃၀ အရွယ်နှင့် အသက် ၅၀ အရွယ် အမျိုးသမီးများဖြစ်ကြောင်း ဖော်ပြထားသည်။

“ကလေးတဦး ဦးခေါင်းပေါက်ပြီး ဒဏ်ရာပြင်းထန်တယ်။ လမ်းသွားလမ်းလာ ပြည်သူအချို့ထိခိုက်သေဆုံးမှုရှိနိုင်တယ်” ဟု ဖယ်ခုံ တပ်ရင်း(၂) မှ တာဝန်ရှိသူတဦးက ပြောသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အခြားထိခိုက်ဒဏ်ရာရသူနှင့် အဆောက်အအုံ ပျက်စီးဆုံးရှုံးမှုလည်း ရှိကြောင်း KnHRG မှ ထုတ်ပြန်ထားသည်။ ထိခိုက်ဒဏ်ရာ ရရှိသူအရေအတွက်နှင့် ပျက်စီးမှုအသေးစိတ်ကို သိန်ိုင်ရန် မဇ္ဈိမမှ KnHRG ကို မေးမြန်းထားဆဲ ဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင်လည်း ရှားတောမြို့နယ်အတွင်းတွင် အသက် သုံ နှစ်မှ ခုနစ်နှစ်ကြား ကလေးငယ် သုံးဦး၊ မသန်စွမ်း အမျိုးသမီး နှစ်ဦးနှင့် ကိုယ်ဝန်ဆောင်အပါအဝင် စစ်ဘေးရှောင် ခုနစ်ဦးကို စစ်ကောင်စီတပ်မှ ညှဥ်းပန်းနှိပ်စက်ကာ သတ်ဖြတ်ခဲ့ကြောင်း KnHRG မှ ထုတ်ပြန်ထားသည်။

စစ်တပ်အာဏာသိမ်းပြီးချိန်မှစတင်၍ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ကရင်နီပြည်နယ်အတွင်း အရပ်သား ၄၅၇ ဦး သတ်ဖြတ်ခံရကာ စစ်ဘေးရှောင် ၁၄၉ ဦး သေဆုံးခဲ့ရကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု( PKPF )၏ ဖေဖော်ဝါရီလ ၁ ရက်နေ့ထုတ်ပြန်ချက်အရ သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)