အပစ်ရပ်ရေးနှင့် နယ်စပ်ထွက်ပေါက်ကိစ္စ မြောက်ပိုင်းအဖွဲ့များနှင့် စစ်ကောင်စီဆွေးနွေးနေဟု AA ပြော

ရွှေနွယ်

(မဇ္ဈိမ)။ ။မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့နှင့် စစ်ကောင်စီတို့ အပစ်အခတ်ရပ်စဲရေး၊ နယ်စပ်ထွက်ပေါက်ကိစ္စများအပါအဝင် ဆွေးနွေးညှိုနှိုင်းမှုများကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ပြုလုပ်နေကြောင်း ရက္ခိုင့်တပ်တော် ULA/AA ၏ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ယနေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

အဆိုပါ ဆွေးနွေးပွဲတွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်တို့ကြား အပစ်အခတ်ရပ်စဲရန်နှင့် နယ်စပ်ထွက်ပေါက်အရေးကိစ္စများ ဆွေးနွေးနေသည်မှာမှန်ကန်ကြောင်း၊ သို့သော် အခွန်ခွဲဝေမှု ရာခိုင်နှုန်းများနှင့်ပတ်သက်၍ ဆွေးနွေးမှုမရှိသေးကြောင်းနှင့် အသေးစိတ်အချက်အလက်များကို ညီနောင်မဟာမိတ်တို့မှ ထုတ်ပြန်သွားမည်ဟု ပြောသည်။

“အပစ်အခတ်ရပ်စဲရေး နယ်စပ်ထွက်ပေါက်ကိစ္စ တဖွဲ့ခြင်းနဲ့ တွေ့ဆုံဆွေးနွေးနေတယ် လို့ပြောလိုပါတယ်။ အပစ်အခတ်ရပ်စဲဖို့အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့က လက်မှတ်ထိုးပြီးသားဖြစ်တယ်။ AA အနေနဲ့ကတော့ ရှမ်းမြောက်မှာရှိနေတဲ့ AA နဲ့ပဲသက်ဆိုင်ပါတယ်။ ရခိုင်က AA နဲ့မသက်ဆိုင်ပါ။ ထုတ်ပြန်သွားဖို့ရှိတယ် ဒီနေ့မှာတော့ ဒီလောက်ပဲပြောလိုပါတယ်” ဟု AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောသည်။

ယမန်နေ့ မတ်လ ၃ ရက်နေ့ကပြုလုပ်သည့် ဆွေးနွေးပွဲနှင့် ပတ်သက်၍ လူမှုကွန်ရက်တွင် အချက် ခြောက်ချက်ပျံ့နှံ့နေသည်ကို တွေ့ရှိရပြီး အဆိုပါအချက်များအနက် အချို့မှာ မှန်ကန်မှုရှိသော်လည်း အချို့အချက်များမှာ မှားယွင်းနေသည်ဟု ပြောသည်။

မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် MNDAA မှ သိမ်းပိုက်ထားသည့် ချင်းရွှေဟော်ဂိတ်မှတဆင့် တရုတ်ပြည်သို့ ကူးသန်းသည့် ကုန်စည်များအပေါ် အခွန်စည်းကြပ် ကောက်ခံရရှိငွေ ၇၀ရာခိုင်နှုန်း ကို MNDAA မှ ရယူရန်နှင့် ၃၀ ရာခိုင်နှုန်းကိုမူ စစ်ကောင်စီမှ ရယူရန် သဘောတူညီခဲ့ကြောင်းအပါအဝင် အချက်ခြောက်ချက် ပျံ့နှံ့နေခြင်းဖြစ်သည်။

ထိုအချက်များအနက် MNDAA မှ သိမ်းပိုက်ရရှိထားသည့် ကိုးကန့်အထူးဒေက (၁) အား စစ်ကောင်စီမှ တရားဝင်အစိုးရအဖြစ်အသိအမှတ် ပြုရန်နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့မှ သိမ်းပိုက်ရရှိထားသည့် မြို့များကိုလည်း စစ်ကောင်စီမှ တရားဝင်အသိအမှတ်ပြုပေးရန်၊ သိမ်းပိုက်ထားသည့်နယ်မြေများမှအပ နှစ်ဖက်တပ်ဖွဲ့များသည် နယ်မြေရှေ့ဆက်မတိုးရန်နှင့် တပ်ချင်းခွာထားရန် စသည့်သဘောတူညီချက်များလည်း ပါဝင်သည်ကိုတွေ့ရသည်။

“နယ်စပ်အရေးကိစ္စ၊ ကျားဖြန့်နှိမ်နင်းရေးနဲ့ နယ်စပ်ထွက်ပေါက် ဘယ်လိုပုံစံလုပ်မလဲ ပါတယ်။ ရာခိုင်နှုန်းကိစ္စတော့ ဆွေးနွေးတာ မရှိသေးပါဘူး” ဟု AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ကပြောသည်။

ထို့အပြင် ဆွေးနွေးပွဲများ၌ သဘောတူညီကြသည့်အချက်အလက်များနှင့် ပတ်သက်၍ ပြင်ပသို့ မပေါက်ကြားစေရန် သဘောတူညီထားကြကြောင်းလည်း ပြောသည်။

“ညီနောင်သုံးဖွဲ့နဲ့ စစ်ကောင်စီ ကူမင်းမှာ ဆွေးနွေးနေတာ သုံးလေးကြိမ်ရှိပြီ။ နဂိုသဘောတူညီချက်က အစည်းအဝေး အချက်အလက်တွေကို ပြင်ပကိုမထုတ်ဖော်ဖို့ သဘောတူညီထားခဲ့ကြတယ်။ ဟိုင်ဂင်အစည်းအဝေးတွေမှာ ဆွေးနွေးနေတာကို တရုတ်က သူတို့ကိုယ်တိုင် သတင်းစာရှင်းလင်းလိုက်တယ် စစ်ကောင်စီကလည်း ထုတ်ပြောနေတာရှိတယ်” ဟု ဒေါက်တာညိုထွန်းအောင်က ဆိုသည်။

စစ်ကောင်စီနှင့် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့တို့သည် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၀ နှင့် ၁၁ ရက်နေ့များက တွေ့ဆုံပြီးနောက် “ဟိုင်ဂင်သဘောတူညီမှုများ” ရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ ထိုသဘောတူညီချက်အရ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အပစ်အခတ်ရပ်စဲခဲ့ကြပြီးနောက် ရခိုင်ပြည်နယ်တွင် တိုက်ပွဲများပြင်းထန်လာခဲ့ခြင်းဖြစ်သည်။

စာတည်း ။ ။ ဖူးသိမ်ကျ