မင်းတပ်တွင် တိုက်ပွဲမရှိဘဲ စစ်ကောင်စီလေကြောင်းမှ ၂ရက်ဆက်ဗုံးကြဲတိုက်ခိုက်

ပျက်စီးမှုများ/ဓါတ်ပုံ – ပေးပို့

ပါခွီး

(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ မင်းတပ်မြို့နယ်အတွင်း လူနေကျေးရွာတရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မပေါက်ကွဲသေးသော ဗုံးဆံအချို့သည် ရွာအတွင်း ကျန်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ်(၁၃) ဖက်သို့ မတ်လ ၁ရက်နေ့ ည ၇နာရီ၊ ည ၁၂နာရီခန့်နှင့် မတ်လ ၂ရက်နေ့ ညနေ၄နာရီအချိန်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံဆလိုင်းယောမန်က မဇ္စျိမကိုပြောသည်။

” တိုက်ပွဲမရှိဘူးခင်ဗျ။နေအိမ်အချို့ပျက်စီးပါတယ်။ ပြည်သူတွေထိခိုက် ဒဏ်ရာရတာတော့မရှိ၊ ဘာကြောင့်အခုလိုလုပ်တာလဲဆိုတာတော့ မသိဘူး ။ပြောရခက်တယ်” ဟု ဆလိုင်းယောမန်က ပြောသည်။

စစ်ကောင်စီ လေကြောင်းမှတိုက်ခိုက်မှုသည် မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ်(၁၃) ရှိ လွေးတာရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး မပေါက်ကွဲသေးသည့် ဗုံးဆံအချို့လည်းရှိနေကြောင်း ဒေသခံအချို့ကပြောသည်။

စစ်ကောင်စီဗုံးအပိုင်းအစ

” ရွာလယ်နားမှာ တလုံးရှိတယ်။ မပေါက်ကွဲသေးတော့ ပြည်သူတွေလည်းအဲ့နားမှာမနေရဲဘူး။ ကာကွယ်ရေးရဲဘော်တွေက သွားပြီးရှင်းလင်းပေးမယ်လို့တော့ သိရတယ်” ဟု ချင်းကာကွယ်ရေးရဲဘော်တဦးကပြောသည်။

စစ်ကောင်စီတပ်သည် မင်းတပ်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားနေထိုင်ရာကျေးရွာများကို လေကြောင်းမှတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။

ဖေဖော်ဝါရီလ ၂၇ရက်ကလည်း မင်းတပ်မြို့ အခြေစိုက် ခလရ (၂၇၄) တပ်ရင်းမှ ၁၂၀မမဖြင့် ရှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လှေးကောင်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ဒေသခံနှစ်ဦးဒဏ်ရာရရှိခဲ့သည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ရက်ကလည်း မင်းတပ်မြို့နှင့်ထိစပ်နေသည့် ပလက်ဝမြို့နယ် ၊ ဒိုင်ရ်ဒေသရှိ ဟုမ်းကျေးရွာကို စစ်ကောင်စီကလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား အမျိုးသား ခုနစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။

စာတည်း – အေးချမ်း