မြန်မာနိုင်ငံအလယ်ပိုင်းနှင့်အထက်ပိုင်းဒေသများ အအေးပိုလာနိုင်

ပုံအညွှန်း – မကွေးတိုင်းတွင် နံနက်အစောပိုင်း မြူထူများ ကျဆင်းနေသည့် မြင်ကွင်း(ပုံအဟောင်း)။ (ပုံ – လူမှုကွန်ရက်)

ရောင်နီ

(မဇ္စျိမ)။ ။ မြန်မာနိုင်ငံအလယ်ပိုင်းနှင့်အထက်ပိုင်းဒေသများတွင် အအေးပိုလာနိုင်ပြီး မြူထူများကျဆင်းနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)က ယနေ့သတင်းထုတ်ပြန်သည်။

ယနေ့ ဇန်နဝါရီလ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ တပတ်တာကာလ မိုးလေဝသခန့်မှန်းချက်ကို ထုတ်ပြန်ရာတွင် ဆောင်းမုတ်သုံလေကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အထက်ပိုင်းဒေသများတွင် ညအပူချိန်များကျဆင်းကာ အအေးပိုလာနိုင်ကြောင်း ဖော်ပြထားသည်။

” ဒီရက်ထဲ သိသိသာသာ ‌အေးလာတယ်။ဌာနရဲ့ သတိပေးချက်လည်း ရပါတယ်။ ဒါကြောင့် စစ်ရှောင်စခန်းတွေက ကလေးတွေ၊ သက်ကြီးရွယ်အို‌တွေအတွက် အအေးဒဏ်သက်သာရေးလည်း စီမံနေရတယ်” ဟု စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးကပြောသည်။

အအေးပိုလာနိုင်သည့် သတိပေးချက်အပြင် ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် နေပြည်တော်မှလွဲ၍ ကျန်ဒေသများ၌ နံနက်ပိုင်း မြူထူများ ကျဆင်းနိုင်ကြောင်း MOHADM က ထုတ်ပြန်သည်။

“မြူထူထူကျရင် ကားမောင်းသူတွေ‌ရော၊ လေကြောင်းရော၊ရေကြောင်းရော အတော်ဂရုထားရတယ်” ဟု ရာသီဥတုအရေးလေ့လာသူတဦးကပြောသည်

စစ်ကောင်စီလက်အောက်ခံ မိုးဇလဌာန၏ ဇန်နဝါရီလ ပထမ ၁၀ ရက်ပတ်အတွက် မိုးလေဝသ ကြိုတင်ခန့်မှန်းချက်ကို ယနေ့ ထုတ်ပြန်ရာ၌လည်း နံနက်ပိုင်းအချိန်၌ မြူထူများဆိုင်းနိုင်ကြောင်း သတိပေးချက်ပါဝင်သည်။ယင်းကာလအတွင်း ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်ကြောင်း ဆိုသည်။ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလက အသိပေးသည်။

စာတည်း – အေးချမ်း