တကောင်းမြို့ဟောင်းရှိ နေအိမ်အလုံး ၂၀ ခန့် ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

တကောင်းမြို့က နေအိမ်များကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး (ဓာတ်ပုံ-CJ)

007

မဇ္ဈိမ။ ။ တကောင်းမြို့ဟောင်းအတွင်း အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့သည် ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့က တကောင်းမြို့ အမှတ် (၄) ရပ်ကွက်ရှိ နေအိမ်အလုံး ၂၀ ခန့်ကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများထံက သိရသည်။

“သူတို့(စစ်ကောင်စီတပ်ဖွဲ့)က ရပ်ကွက်ထဲမှာ တပ်လာစွဲတယ်။ အဲဒါကို PDF တွေကသိတော့ ဒရုန်းနဲ့ဗုံးကြဲတယ်။ PDF သတင်းပေးလို့ ဗုံးကြဲခံရတာပါဆိုပြီး ရပ်ကွက်ကိုပြဿနာရှာတယ် မီးရှို့တယ်။ မီးအညွှန့်ကျိုးတော့ စုစုပေါင်းအလုံး ၂၀ လောက်မီးထဲပါသွားတယ်” ဟု လုံခြုံရေးအရ အမည်မဖော်ပြလိုသည့် ဒေသခံတဦးက ပြောသည်။

ထိုရပ်ကွက်အတွင်း အထိုင်ချတပ်စွဲရန်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို မတ်လ ၁ ရက် ညနေ ၄ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်ခံရပြီး နာရီဝက်ခန့်အကြာတွင် စစ်ကောင်စီတပ်ဖွဲ့က ရပ်ကွက်အတွင်းရှိ ပြည်သူ့နေအိမ်တလုံးအား မီးစရှို့ခဲ့ရာမှ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တကောင်းမှာ အခု ဘာဖြစ်နေလဲဆိုတော့ အဲဒီနေ့ နောက်တရက်ကစပြီး ကိုယ့်အိမ်ဘယ်တော့ မီးရှို့ခံရမလဲဆိုတာကိုပဲ တွေးကြောက်နေရတယ်။ PDF က ဒရုန်းနဲ့တိုက်ရင် စစ်တပ်က အိမ်မီးရှို့တယ်ဆိုတဲ့ အစွဲကြီးဝင်နေကြတယ်” ဟု နောက်ထပ်ဒေသခံတဦးကလည်း ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ PDF များ မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်သည်ဟု စစ်ကောင်စီ၏ ဝါဒဖြန့်ချီရေး သတင်းချန်နယ်များတွင် ရေးသားထားသည်။

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်အတွင်းရှိ ရှေးဟောင်းအမွေအနှစ်စာရင်းဝင် တကောင်းမြို့ဟောင်းတွင် စစ်အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီတပ်ဖွဲ့အထိုင်ချတပ်စွဲခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၈ ရက်နေ့ကလည်း တကောင်းမြို့အနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှု တကြိမ်ပြုလုပ်ခဲ့သေးကြောင်း၊ ယမန်နှစ် ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်းကလည်း တကောင်းမြို့ဧရာဝတီမြစ်ဆိပ်ကမ်းမှ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်သဖြင့် ကံသာဦး၊ ဘိုကုန်းစသည့် မြစ်ကမ်းဘေးတလျှောက်ရှိ ကျေးရွာများမှ နေအိမ်များ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

တကောင်းမြို့သည် မန္တလေးမြို့နှင့် ၁၂၇ မိုင်ခန့်အကွာ လက်ရှိ စစ်ရေးတင်းမာနေသည့် သပိတ်ကျင်းမြို့နယ်နှင့် စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်တို့အကြားတည်ရှိပြီး NUG အမျိုးသားညီညွတ်ရေးအစိုးရက ဇန်နဝါရီလ ၁၅ ရက်နေ့တွင်ထုတ်ပြန်သည့် ကြားကာလအမွေအနှစ်စာရင်းဝင် မြို့ဟောင်းတခုဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး