ထားဝယ်မြို့နယ် မေတ္တာမြို့အနီးကို လေကြောင်းတိုက်ခိုက်

သရက်ချောင်းမြို့နယ်တွင်လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံများ ထွက်ပြေးနေစဉ်။

ကိုရွှေမြိတ်

(မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် အရှေ့တောဒေသရှိ မေတ္တာမြို့နှင့် ဟိန္ဒားပြင်ရွာ အနီးကို ယနေ့ မတ် ၄ ရက် နံနက် ၁၀ နာရီခွဲခန့် အချိန်တွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားသည်ဟု တနင်္သာရီစစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့ထံမှ သိရသည်။

“အခု တခေါက်က တိုက်ပွဲတွေ မရှိဘူး။ မြိတ်ဖက်က တက်လာတဲ့ လေယာဉ်တွေပါ၊ သူတို့ သတင်းရလို့လား မသိဘူး၊ မြေပြင် ထိခိုက်မှုကတော့ စုံစမ်းနေဆဲမို့ အခြေအနေတွေ မသိရသေးဘူး”ဟု တနင်္သာရီ စစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဂျိုကာက ပြောသည်။

တိုက်လေယာဥ်၊ ရဟတ်ယာဥ်များကို အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခြင်းဖြစ်သည်ဟု ၎င်းက‌ ပြောသည်။

ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က ဗုံးသီး ရှစ်လုံးကြဲချသွားပြီး နံနက် ၁၁ နာရီ အချိန်တွင်လည်း ဗုံးကြဲ တိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ရာ စုစုပေါင်း ဗုံးသီးအလုံး ၂၀ခန့် ကြဲချသွားခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ယင်းအပြင် မေတ္တာမြို့ အနီးတဝိုက်တွင် မီးခိုးလုံးများ ထွက်ပေါ်နေသည်ဟု ကာကွယ်ရေးရဲဘော်က မြေပြင်အခြေအနေကို ပြောပြသည်။

ထားဝယ်မြို့ အရှေ့တောဒေသကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၂၁ ရက်နှင့် ၂၆ ရက်တို့တွင်လည်း နှစ်ဖက် တိုက်ပွဲ ပြင်းထန်နေချိန်၌ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့သည့်အပြင် မတ်လ ၁ ရက်နေ့တွင်လည်း သရက်ချောင်းမြို့နယ်၊ စော်ဖျားကျေးရွာတဝိုက်ကို ရဟတ်ယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သေးသည်ဟု ဒေသခံများထံမှ သိရသည်။

ယင်းလေကြောင်း တိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တောင်သုံးလုံးကျေးရွာမှ စစ်ဘေးရှောင်နှစ်ဦးနှင့် ကျောက်မဲတောင်ကျေးရွာမှ စစ်ဘေးရှောင်တဦးတို့ သေဆုံးကာ ဘာသာရေး အဆောက်အဦးများနှင့် လူနေအိမ်များလည်း ထိခိုက်ပျက်စီးမှု ရှိသည်ဟု ဒေါနတနင်္သာရီ – စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့က ထုတ်ပြန်ထားသည်။

စာတည်း ။ ။ ဖူးသိမ်ကျ