ရုပ်သံဖိုင်အဟောင်းနဲ့ မြိတ်မြို့မှာ လှေထဲထိ စစ်သားတွေလိုက်ဖမ်းတဲ့ သတင်းမှား

ZZ

(မဇ္ဈိမ)။ ။ မြိတ်မြို့က လှေဆိပ်တစ်ခုမှာ ပင်လယ်ထဲက လှေစီးနေတဲ့သူအချို့ကို ဆိပ်ကမ်းဘက်ကနေ ပြေးပြီး လိုက်နေတဲ့သူတွေက လိုက်လံဖမ်းဆီးနေတဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

X (ယခင်တွစ်တာ) ကို အသုံးပြုသူတစ်ဦးဖြစ်တဲ့ ကိုလင်းဆိုတဲ့အကောင့်ပိုင်ရှင်က မတ်လ ၃ရက်နေ့မှာ “မြိတ်မှာ” ဆိုတဲ့ ခေါင်းစဉ်နဲ့ရုပ်သံဖိုင်တစ်ခုကို ဖြန့်ဝေခဲ့ပါတယ်။ ရုပ်သံဖိုင်မှာတော့ “မြိတ် လှေထဲအထိဆင်းဆွဲတာနော် ခုန်ချကုန်ပြီ” လို့ ရေးသားထားပါတယ်။

ဒီရုပ်သံဖိုင် ကို ကြည့်ရှုသူ တစ်သောင်းကျော်ရှိနေပြီဖြစ်ပြီး ကြိုက်နှစ်သက်သူ ၁၈၀ ကျော်ထိရှိနေပြီဖြစ်ပါတယ်။ ဒါ့အပြင် ဖေ့ဘုတ်မှာလည်း Reels ဗီဒီယိုအတို အဖြစ် ပျံ့နှံ့နေပါတယ်။

ဒီပို့စ်ရဲ့ မှတ်ချက်တွေမှာတော့ ပေါ်တာဖမ်းလို့ ရေထဲခုန်ချတယ်လို့ ရေးသားထားတာတွေလဲ တွေ့ရပါတယ်။

မဇ္ဈိမက အဲ့ဒီရုပ်သံဖိုင်ကို အချက်အလက်စစ်ဆေးခဲ့ရာမှာတော့ ဒီဖိုင်ဟာ ၂၀၂၁ ခုနှစ် က ရုပ်သံဖိုင် ဖြစ်နေတာကို တွေ့ရပါတယ်။

ရုပ်သံဖိုင်မှာ တစ်တော့ (Tiktok) တံဆိပ်နဲ့ အသုံးပြုသူရဲ့ အမည်ကုဒ် ပါဝင်နေပါတယ်။ ဒီအမည်နဲ့ ရှာဖွေလိုက်တဲ့အခါမှာ “linkolwin” ဆိုတဲ့ အမည်နဲ့ တစ်တော့ အကောင့်တစ်ခုက ၂၀၂၁ ခုနှစ် မေလ ၁၉ ရက်နေ့က ဖော်ပြထားတာကိုတွေ့ရပါတယ်။ လင့် – https://shorturl.at/tDEGW

Lin Ko Lwin ဖော်ပြထားတာကလည်း မူရင်းဖိုင် မဟုတ်သေးဘဲ တခြားသူဆီက ကူးယူဖော်ပြထားတာကို တွေ့ရပါတယ်။

သူဖော်ပြတဲ့ထဲမှာ တခြား တစ်တော့ အသုံးပြုသူရဲ့ အမည်ကုဒ် ပါဝင်ပါတယ်။ မူရင်းဖော်ပြသူရဲ့ အကောင့်ထဲကို ရှာဖွေခဲ့ပေမယ့် သူမအကောင့်မှာ မတွေ့ရတော့ပါဘူး။

သတင်းတု ဖြန့်ဝေသူပိုစ့်ရဲ့ မှတ်ချက်နေရာမှာလည်း “ဒီ video က အာဏာသိမ်းဆန္ဒပြတုန်းကပါ” လို့ မှတ်ချက်ပြုထားတာကိုလည်း တွေ့ရပါတယ်။

ဒါကြောင့် X လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ မြိတ်မှာ လှေထဲအထိ ဆင်းဆွဲနေတယ် ဆိုတဲ့ ဗီဒီယိုဖိုင်ဟာ အခု ၂၀၂၄ က ဖြစ်စဉ်မဟုတ်ဘဲ ၂၀၂၁ ခုနှစ်ကတည်းက ဗီဒီယိုဖိုင်ပဲ ဖြစ်ပါတယ်။

စစ်မှုထမ်း ဥပဒေကို အတည်ပြုလိုက်ပြီးတဲ့နောက်မှာ ဒါနဲ့ ပတ်သက်ပြီး ပြည်သူတွေမှာ စိုးရိမ်စိတ်တွေရှိနေကြပါတယ်။ ပြည်သူတွေ စိုးရိမ်နေကြသလိုပဲ စစ်ကောင်စီကနေလည်း အရပ်သား ပြည်သူတွေကို ဖမ်းဆီးနေတာတွေရှိနေပါတယ်။

ဒါနဲ့ အချိန်ကိုက်ပဲ အရင်က ဖိုင်အဟောင်းတွေကို ပြန်လည်ဖြန့်ဝေပြီး သတင်းမှား ဖြန့်ဝေနေတာပါ။ ဒီအခြေအနေမှာ စာဖတ်သူတွေအနေနဲ့ သတင်းဖတ်ရှုရာမှာ ယုံကြည်ရတဲ့ သတင်းရင်းမြစ်က သတင်းတွေနဲ့ တိုက်ဆိုင် စိစစ်ကြဖို့ အသိပေးလိုက်ပါတယ်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် ” t.ly/AjFbz ” သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။