ထိုင်းတွင်း သိမ်းဆည်းရမိသည့် Starlink ပစ္စည်းများသည် ငွေလိမ်ဂိုဏ်းမှ ပစ္စည်းများသာဖြစ်

ZZ

(မဇ္ဈိမ) ။ ။ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) က မှာယူလိုက်တဲ့ starlink ဂြိုဟ်တုနဲ့ဆိုင်တဲ့ ဆက်စပ်ပစ္စည်းတွေကို ထိုင်းစစ်တပ်နဲ့ရဲတပ်ဖွဲ့တို့ကဖမ်းမိတယ်ဆိုတဲ့ သတင်းတစ်ခု လူမှုကွန်ရက်မှာ ပျံ့နေပါတယ်။

“Mawshan Myay Media” ဆိုတဲ့ တယ်လီဂရမ် ချန်နယ်ကနေ ဧပြီလ ၁၇ ရက်နေ့မှာ ကရင်နီပြည်နယ် KNDF အဖွဲ့တွေ တရားမဝင် မှာယူထားတဲ့ starlink ဂြိုလ်တုအပါအဝင် ကျားဖြန့်လုပ်ငန်းတွေမှာ အသုံးပြုမယ်လို့ ယူဆရတဲ့ ပစ္စည်းတွေကို မဲခေါင်မြစ်ကမ်းဘေးမှာ ထိုင်းရဲက ဧပြီ ၁၂ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ရေးသားထားပါတယ်။ သတင်းနဲ့အတူ starlink ပုံတွေနဲ့ တခြား ဖုန်းနဲ့ ဆက်စပ်ပစ္စည်းပုံတွေပါဝင်ပါတယ်။

ဒီအကြောင်းကို တခြားတယ်လီဂရမ် ချန်နယ်နဲ့ ဂရု ၃၀ မှာ ပျံ့နှံ့နေပြီး ဖေ့ဘုတ်မှာလည်း ပျံ့နှံ့လို့နေပါတယ်။

မဇ္ဈိမက ဒီပုံတွေကို အသုံးပြုပြီး ဓါတ်ပုံတွေရဲ့ ဇစ်မြစ်ကို ရှာဖွေတဲ့ google image search ကနေတဆင့် ရှာဖွေ စစ်ဆေးခဲ့ပါတယ်။

ထိုင်းနိုင်ငံ အခြေစိုက် သတင်းဌာန တခုဖြစ်တဲ့ Bangkok Post မှာ ဒီအကြောင်းကိုဧပြီလ ၁၂ ရက်နေ့မှာ သတင်းဖော်ပြထားပါတယ်။
သူ့ဖော်ပြမှုမှာတော့ ငွေလိမ်ဂိုဏ်းတွေရဲ့ ပစ္စည်းတွေကို ထိုင်း-လာအိုနယ်စပ် ရွှေတြိဂံဒေသက မဲခေါင်မြစ်ကမ်းဘေးမှာ ရှာဖွေ့တွေ့ရှိကြောင်း ဖော်ပြထားတာပါ။ တွေ့ရှိရတဲ့ ပစ္စည်းတွေထဲမှာ အချစ်ဇာတ်လမ်း အမျိုးမျိုး ဖန်တီးပြီး လိမ်လည်လှည့်ဖြားဖို့ လုပ်နေတဲ့ အထောက်အထားတွေနဲ့တကွ တွေ့ရှိတာပါ။ ထိုင်းနိုင်ငံ စုံစမ်းစစ်ဆေးရေး ဗျူရို ဗဟို ကနေလည်း ဒီဂိုဏ်းဟာ ဒီလိမ်လည်ဂိုဏ်းတွေဟာ မြန်မာနိုင်ငံကနေ လာအိုကို ပြောင်းရွှေ့ဖို့ စီစဉ်နေတယ်လို့ သံသယရှိကြောင်း ဖော်ပြထားပါတယ်။ လင့် – https://shorturl.at/dlyAV

ဒါ့ကြောင့် starlink ဂြိုဟ်တုအပါအဝင် ကွန်ပျူတာ ဖုန်းနဲ့ တခြား ဆက်စပ်ပစ္စည်းတွေဟာ KNDFအဖွဲ့ကမှာယူထားတာမဟုတ်ဘဲ အွန်လိုင်းငွေလိမ်ဂိုဏ်းရဲ့ပစ္စည်းတွေ ဖြစ်တာကို လိုသလို ဘာသာပြန်ပြီး ပုံဖော်ထားတဲ့ သတင်းတုပဲ ဖြစ်ပါတယ်။

သတင်းဖတ်ရှုသူတွေအနေနဲ့ သတင်းတုလို့ သံသယရှိရင်ဖြစ်ဖြစ် သတင်းတုကိုတွေ့ခဲ့ရင်ဖြစ်ဖြစ် မဇ္ဈိမကို အချက်အလက် စစ်ဆေးဖို့အတွက် ပေးပို့လို့ရပါတယ်။ ပေးပို့မယ်ဆိုရင်တော့ t.ly/AjFbz ဆိုတဲ့ လင့်ကို ရိုက်ထည့်ပြီး သတင်းလင့်နဲ့တကွ စစ်ဆေးချင်တဲ့ အကြောင်းအရာကိုဖြည့်စွက်ပေးပို့နိုင်ပါတယ်။